နေပြည်တော်၊ စက်တင်ဘာ ၂၃
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၂၀ ရက် ညနေ ၆ နာရီခွဲတွင် မဘိမ်းမြို့နယ်၊ ငါးအိုးကျေးရွာအုပ်စု၊ ပြချောင်းကျေးရွာ အနီးရှိ စံလင်း နေထိုင်သည့် တောင်ယာတဲသို့ ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၁၃၅ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၈၀,၀၀၀ တို့ကိုလည်းကောင်း၊ ထို့အတူ စက်တင်ဘာ ၂၁ ရက် ညနေ ၅ နာရီခွဲတွင် မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်၊ အထက်လမ်းမကြီးနှင့် ဦးဇိနဘုရားလမ်းဆုံတွင် မသင်္ကာ ဖွယ်ရပ်တန့်ထားသည့် Hilux Vigo အမျိုးအစားယာဉ်ကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၉,၀၀၀ နှင့် ငွေကျပ် ၃ ဒသမ ၅ သိန်းတို့ကိုလည်းကောင်း။
အလားတူ စက်တင်ဘာ ၂၂ ရက် ညနေ ၆ နာရီ ၄၅ မိနစ်တွင် ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘားအံမြို့နယ်၊ မှိုင်းကံကျေးရွာအုပ်စု၊ တောင်နားကျေးရွာရှိ စောအဘီး(ခ) စောညိုသိန်း၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ မျိုးမြင့်အောင်(ခ) ကိုလင်း(ခ)လိပ်ကိုတွေ့ရှိရပြီး စိတ်ကြွ ရူးသွပ်ဆေးပြား ၁၀,၁၄၅ ပြားနှင့် မော်တော်ယာဉ်တစ်စီး တို့ကိုလည်းကောင်း၊ ယင်းနေ့ ည ၇ နာရီတွင် မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျောက်ဆည်မြို့နယ်၊ ကင်းကျေးရွာအုပ်စု၊ ကင်းကျေးရွာ စစ်ဆေးရေးဂိတ်တွင် စိုးဝင်း(ခ)စိုးတင့်(ခ)အဗ္ဗဒူလာ မောင်းနှင်လာသည့် Probox အမျိုးအစား ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၈၀,၀၀၀ကို လည်းကောင်း၊ ယင်းနေ့ မွန်းလွဲ ၁ နာရီတွင် ရွှေပြည်သာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၉)ရပ်ကွက်၊ မြတ်လေး(၁)လမ်း၊ အဆောင်(၈၄၃)၊ အခန်းအမှတ် (၃)တွင် ငှားရမ်းနေထိုင်သူ အောင်ဇော်ထွန်း(ခ)ဖိုးဇော်၏ အခန်းကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၆,၈၀၀ ၊ ဆေးခြောက် သုည ဒသမ ၁၅ ကီလိုနှင့် ငွေကျပ် ၂၂ သိန်း တို့ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(သတင်းစဉ်)