နေပြည်တော်၊ နိုဝင်ဘာ ၁၉
မံစီမြို့နယ်၊ နမ့်စန်မြို့နယ်နှင့် မူဆယ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၈ ရက် မွန်းလွဲ ၂ နာရီတွင် မံစီမြို့နယ်၊ ဟန်ထက်ကျေးရွာအုပ်စု၊ မံဝိန်းလေးကျေးရွာအနီး၊ ဗန်းမော်-ရွှေကူသွားကားလမ်းတွင် သောင်းလဲ(ခ)ဇီဟူး မောင်းနှင်ပြီး ချစ်ကိုကို(ခ)ချစ်ကို လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၂,၄၀၀ ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ ည ၇ နာရီ မိနစ် ၅၀ တွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် နမ့်စန် မြို့နယ်၊ ဝမ်ပုံကျေးရွာအုပ်စု၊ ဟိုဦးကျေးရွာအနီး၊ နမ့်စန်-လွိုင်လင်သွားကားလမ်းတွင် စိုင်းလောဝ်မွန်း မောင်းနှင်လာသည့် Mark II အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၀,၀၀၀ ကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ မွန်းလွဲ ၁ နာရီ မိနစ် ၅၀ တွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မူဆယ်မြို့နယ်၊ မိုင်းယု(၁၀၅) မိုင်ကျေးရွာအုပ်စု၊ မိုင်းယု (၁၀၅)မိုင်ကျေးရွာ အနီးတွင် ရန်တင်လျှံ(ခ)အားလျို့ မောင်းနှင်လာသည့် TOYOTA CROWN အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၂၀,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(သတင်းစဉ်)