မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၂၂  ဧပြီ 


မူးယစ်တပ်ဖွဲ့စု(၂၅)တောင်ကြီးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၂၁ ရက် မွန်းလွဲ ၃ နာရီတွင် ဟိုပုံးမြို့နယ်၊ လွိုင်လင်-တောင်ကြီးသွားကားလမ်း၊ မိုင်တိုင်အမှတ် (၁၄၄/၃)၊ လွယ်ဝိုးတုတ်ကျေးရွာအနီးတွင် လွိုင်လင်မှတောင်ကြီးသို့ မောင်းနှင်လာသည့် Honda Fit အမျိုးအစား မော်တော်ယာဉ်အား စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် မောင်းနှင်ထွက်ပြေးသွားခဲ့သဖြင့် ဟိုပုံး မြို့မရဲစခန်း၊ ဆိုက်ခေါင်နယ်မြေရဲစခန်းတို့နှင့် ပူးပေါင်းတားဆီးသော်လည်း အဆိုပါယာဉ်မှာ လုံခြုံရေးအတားအဆီးများကိုတိုက်၍ ဆီဆိုင်မြို့ဘက်သို့ မောင်းနှင်သွားခဲ့ကြောင်း သိရှိရ၍ ဆက်လက်ရှာဖွေခဲ့ရာ ညနေ ၆ နာရီတွင် ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု၊ ထီဟန်တုံးကျေးရွာ၊ ရွာလယ်လမ်းရှိ ပိန္နဲပင်အောက်၌ မော်တော်ယာဉ်အား ရှေ့/နောက် လေကာမှန်ကွဲလျက် လူမရှိဘဲရပ်ထား သည်ကိုတွေ့ရှိရသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉,၉၆၀ သိမ်းဆည်းရမိခဲ့သည်။


အလားတူ ယင်းနေ့ နံနက် ၇ နာရီခွဲက မူးယစ်တပ်ဖွဲ့စု (၆)ကသာမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အင်းတော်မြို့နယ်၊ ရွှေဘို-မြစ်ကြီးနားသွားကားလမ်းနှင့် နဘားကျေးရွာသွား ကားလမ်းဆုံ၌ မဇူး မောင်းနှင်ပြီး မနုနုမော်လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်နှင့် ဝင်းလွင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှစ်စီးကို ရပ်တန့်စစ်ဆေးရှာဖွေရာ မဇူး မောင်းနှင်လာ သည့် ဆိုင်ကယ်မှ ဆပ်ပြာခွက် ၂၃ ခွက်ဖြင့် ထည့်ထားသည့် ဘိန်းဖြူ ၂၀၇ ဂရမ်နှင့် လက်ကိုင်ဖုန်း ၂ လုံး တို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မူးယစ်တပ်ဖွဲ့စု(၃)မိုးညှင်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးကောင်းမြို့၊ ဖိုးချစ်ကုန်းရပ်ကွက်နေ ဒေါ်ကိုင်(ခ)ဒေါ်ဇင်ခန့်ကိုင်ရာ အား ၎င်း၏ နေအိမ်၌ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။ 

 


MDN