နေပြည်တော် ၄ မေ
မူးယစ်တပ်ဖွဲ့စု(၃) မိုးညှင်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၃ ရက် နံနက်ပိုင်းက ဖားကန့်မြို့၊ မော်ဝမ်းရပ်ကွက်၊ မြို့နယ်ပြည်သူ့ဆေးရုံရှေ့လမ်းတွင် ဆန်အောင်အား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၄၇ ပြား သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ဖားကန့်မြို့၊ မော်ဝမ်းရပ်ကွက်နေ ယိန်းဘွမ်၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၁၆၂ ပြားနှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကိုလည်းကောင်း၊ ဆက်လက်၍ ဖားကန့်မြို့၊ မော်ဝမ်းရပ်ကွက်၊ ရတနာမြေ စာပုံလမ်းမတွင် ယာဉ်မောင်း ဘရန်ဂျာ မောင်းနှင်ပြီး မဆိုင်းပန် လိုက်ပါလာသော PAJERO အမျိုးအစား မော်တော်ယာဉ်အား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၉၇၅ ပြား၊ လက်ကိုင်ဖုန်းတစ်လုံးနှင့် ငွေကျပ် ၇ သိန်းတို့ကိုလည်းကောင်း၊ ကွင်းဆက်အရ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မှော်ရှန်ကျေးရွာနေ တင်းရှီလုပ်၏ နေအိမ်ကိုရှာဖွေရာ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၉၉၀၊ ဘိန်းဖြူ ၅ ဂရမ်၊ ငွေကျပ် ၄၉ သိန်းနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သည်။
အလားတူ ယင်းနေ့မွန်းလွဲပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မောင်တောမြို့နယ်၊ မောင်တော-ဘူးသီးတောင်ကားလမ်း၊ (၃)မိုင်လမ်းဆုံအနီးတွင် သုံးဘီးဆိုင်ကယ်တစ်စီး တိမ်းမှောက်နေကြောင်း သတင်းအရ သွားရောက်ခဲ့ရာ လူမတွေ့ရှိဘဲ သုံးဘီးဆိုင်ကယ်ကို တွေ့ရ၍ စစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၄၆၁၀ ကိုလည်းကောင်း။
ထို့အတူ ည ၉ နာရီခွဲက မူးယစ်တပ်ဖွဲ့စု(၂၄) လားရှိုးမှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့အဝင်၊ အိုရီယမ်တယ်တိုးဂိတ်အနီး၊ မူဆယ်-မန္တလေး ကားလမ်းတွင် လောက်ကိန်း မောင်းနှင်လာသည့် TOYOTA ALPHARD အမျိုးအစား မော်တော်ယာဉ်ကို ရှာဖွေရာ ဆပ်ပြာခွက် (၁၅၄)ခွက်ဖြင့် ထည့်ထားသည့် ဘိန်းဖြူ ၁ ဒသမ ၆၉၄ ကီလိုနှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို လည်းကောင်း။
အလားတူ နံနက် ၁၁ နာရီက မူးယစ်တပ်ဖွဲ့စု(၂၇) လွိုင်လင်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လဲချားမြို့နယ်၊ လဲချား-မိုင်းနောင်ကားလမ်း၊ မတ်လန်းတံတားအနီးတွင် ယာဉ်မောင်း ချစ်တိုင်းအောင် မောင်းနှင်လာသော FUSO (၁၂)ဘီး အမျိုးအစား မော်တော်ယာဉ်ကိုရှာဖွေရာ မော်တော်ယာဉ်၏နောက်ခန်းရှိ ဘိလပ်မြေအိတ်များအောက်မှ ဆာလဖြူရစ်အက်စစ် ၃၂၀ဝ လီတာနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
MDN