မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

 

 

နေပြည်တော် ဩဂုတ် ၁၅

 

လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၁၃ ရက် နံနက် ၉ နာရီ ၄၅ မိနစ်တွင် ဘားအံမြို့နယ်၊ လှာကမြင်ကျေးရွာအုပ်စု၊ မဲဘောင်ကျေးရွာအနီးရှိ ဘားအံ- လှိုင်းဘွဲ့သွား ကားလမ်းတွင် ဒေးချေ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ကိုသိမ်းဆည်းရမိခဲ့သည်။

 

ထို့အတူ ယင်းနေ့ ညနေ ၆ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ လော့သိုင်းကျေးရွာအုပ်စု၊ အလယ်စခန်း ကျေးရွာအနီးရှိ မလွှဲတောင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် အောင်ဖြိုး (ခ) သားငယ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် အောင်ပြည့်စုံ (ခ) တရုတ်ကြီး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တို့ကို ရပ်တန့်စစ်ဆေးရှာဖွေရာ အောင်ဖြိုး (ခ) သားငယ် ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃,၉၀၀ ကို လည်းကောင်း၊ အလားတူ ဩဂုတ် ၁၄ ရက် ညနေ ၅ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွန်ဟိန်းမြို့နယ်၊ တာကော်ကျေးရွာအုပ်စု၊ တာကော်ကျေးရွာရှိ တာကော်တံတား ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် စိုင်းဆွေဆွာ မောင်းနှင် လာသည့် TOYOTA ALPHARD အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ အိုက်စ် ၂၀ ကီလိုကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား