နေပြည်တော်၊ အောက်တိုဘာ ၁၆

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁၅ ရက် မွန်းလွဲ ၂ နာရီတွင် မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက်၊ (၂) မိုင်လမ်းဆုံတွင် မောင်ကြီးမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅,၇၀၀ ကိုလည်းကောင်း၊ ထို့ပြင်ယင်းနေ့ ညနေ ၆ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သင်္ဃန်းကျွန်းမြို့နယ်၊ ဆ/က ရပ်ကွက်၊ လေးထောင့်ကန် လမ်းမပေါ်ရှိ လက်ဖက်ရည်ဆိုင်အနီးတွင် မောင်မောင်ရွှေ (ခ) အစ်စမိုင်အား မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀ ကိုသိမ်းဆည်း ရမိခဲ့ပြီး စစ်ဆေး ပေါ်ပေါက်ချက်အရ ည ၇ နာရီခွဲတွင် ၎င်းတည်းခိုနေထိုင်သည့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၁၈) ရပ်ကွက်၊ မောင်းမကန် ကမ်းသာလမ်းရှိ တည်းခိုခန်း၊ အခန်း အမှတ် (၃၀၁) အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၈,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။

 

ထို့ပြင် ယင်းနေ့ မွန်းလွဲ ၁၂ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အင်းစိန် မြို့နယ်၊ ရွာမ (အနောက်) ရပ်ကွက်၊ ဖန်ချက်စက်လမ်း၊ မုဒိတာအိမ်ရာ (၂) ရှိ သူရလွင်၏နေအိမ်သို့ ဝင်ရောက် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား