နေပြည်တော် ၂၅ မတ်
အင်းတော်မြို့နယ်၊ နဘားရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၂၄ ရက် နံနက်ပိုင်းက ရွှေဘို-မြစ်ကြီးနားကားလမ်း၊ နဘားလမ်းဆုံတွင် ဝင်းကျော် မောင်းနှင်ပြီး မဦးမြရီ(ခ) သန်းဝင်းနှင့် ကျော်ဇင်မြင့် တို့လိုက်ပါလာသော မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ဘိန်းဖြူ ၄၃၂ ဂရမ်နှင့် စိတ်ကြွရူးသွပ် ဆေးပြား ၁၃၃ ပြားတို့ကိုသိမ်းဆည်းရမိခဲ့သည်။
အလားတူ ယင်းနေ့မွန်းလွဲပိုင်းက မောင်တောခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မောင်တောမြို့၊ ရွာသစ်ကေရပ်ကွက်နေ အူလာမျာ၏ နေအိမ်ကိုဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ ရှာရုခါန် အားတွေ့ရှိရပြီး စိတ်ကြွရူးသွပ်ဆေး ၉၇,၃၀၅ ပြား ကိုလည်းကောင်း၊
ထို့အတူ မတ် ၂၃ ရက် မွန်းလွဲ ၂ နာရီက တပ်မတော်မှ ကွတ်ခိုင်မြို့နယ်၊ မုံးစီးအပိုင် နမ့်တောင်း ကျေးရွာအနီးရှိ တောင်ယာတဲဟောင်းအား ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၁၄,၉၇၅ ပြား၊ ဘိန်းဖြူ ၂၀၀ ဂရမ်၊ ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည် ၅ တောင့် နှင့် ကျည်အိမ် ၁ ခု တို့ကို လည်းကောင်း၊
မတ် ၂၁ ရက် ည ၉ နာရီခန့်က တပ်မတော်မှ လားရှိုးမြို့နယ်၊ မန်နားကျေးရွာအနီးတွင် အမျိုးသား တစ်ဦး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကိုရှာဖွေရန် ရပ်တန့်ခိုင်းစဉ် လွယ်အိတ်တစ်လုံး ပစ်ချပြီးမောင်းနှင် ထွက်ပြေးသွားသဖြင့် ၄င်းလွယ်အိတ်အားရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၇,၆၀၀ သိမ်းဆည်ရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိပါသည်။
MDN