မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

နေပြည်တော်  ၁၉   မေ 

    

မူးယစ်တပ်ဖွဲ့စု(၃)မိုးညှင်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၈ ရက် မွန်းလွဲ ၂ နာရီက ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ နမ့်လန်ကျေးရွာ အဝင်လမ်း တွင် ဇော်ဝင်းမောင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၃၁၀ သိမ်းဆည်းရမိခဲ့သည်။ 

    

ထို့အတူ မေ ၁၉ ရက် နံနက်ပိုင်းက မူးယစ်တပ်ဖွဲ့စု(၂၅)တောင်ကြီးမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာအထွက်၊ ဘုရားကြီးကုန်း ကျေးရွာအဝင်လမ်းတွင် ရင်မောင်လွင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် ထွန်းထွန်းဝင်း မောင်းနှင်လာသည့်မော်တော်ဆိုင်ကယ် ၂ စီးတို့ကိုရပ်တန့်ရှာဖွေရာ ဘိန်းစိမ်း ၁၈ ကီလိုနှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကိုလည်းကောင်း၊ 

    

အလားတူ မေ ၁၈ ရက်  မွန်းလွဲပိုင်းက သီပေါမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သီပေါမြိုနယ်၊ နောင်အန်ကျေးရွာအုပ်စု၊ ပန်ဆောက်ကျေးရွာ အနီး၊ သီပေါ-လားရှိုးသွား ကားလမ်းတွင် ရပ်တန့်ထားသော BEIBEN TRUCK အမျိုးအစား ၁၈ ဘီးတွဲမော်တော်ယာဉ်ကို ရှာဖွေစစ်ဆေးရာ သံပီပါ ၆၈ လုံးအတွင်းမှ အီသိုင်းအီသာ ၁၀,၂၀ဝ လီတာကိုလည်းကောင်း၊ 

    

ထို့အတူ ယင်းနေ့က မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့နှင့် ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့တို့သည် ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်း ကျေးရွာအုပ်စု၊ နောင်နွမ်းပူးပေါင်းစစ်ဆေးရေးစခန်းတွင် ဝင်းမြင့် မောင်းနှင်လာသည့် PAJERO မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ကတ်တမင်း ၈၇ ဒသမ ၃ ကီလို၊ မြန်မာငွေ ၇၀၉,ဝ၀ဝ ကျပ်နှင့် လက်ကိုင်ဖုန်း ၄ လုံး တို့ကိုလည်းကောင်း၊

    

ထို့အတူ မွန်းလွဲ ၁၂ နာရီခွဲက မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ အမှတ်(၅/၁၇-က)နေ ဒေါ်ဘောက်နန်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ ၄၄၀ ဂရမ် သိမ်းဆည်း ရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။

 

MDN