နေပြည်တော် ၁၄ စက်တင်ဘာ
ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ စက်တင်ဘာ ၈ ရက်မှ ၁၃ ရက်အတွင်း သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်းတုန်းမြို့နယ် မြှုံးဝကျေးရွာနှင့် ခုန်တိုင်ကျင်းကျေးရွာ ဆက်သွယ်ရေး လမ်းကြောင်းနှင့် (၁)မိုင်ခန့်အကွာတွင် မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင် ပျဉ်းကတိုးခွဲသား (၄)တန်၊ ကနီမြို့နယ်၊ နတ်လာပို့မြောက်ရွာ၊ အောက်ဖက်(၃)ဖာလုံခန့်အကွာ၊ ချင်းတွင်းမြစ်အတွင်းမှ တရားမဝင် အင်သစ်(၈)တန် ခန့်၊ ကသာမြို့နယ်၊ အလယ်ရွာရေ ဆိပ်အနီး၊ ရွှေလီမြစ်ဘေး၊ ဖုန်းကုန်းကျေးရွာ အနောက်ဘက် (၁)မိုင်ခန့်အကွာ ဧရာဝတီမြစ်ဘေး၊ သက္ကယ်ကျင်း ကျေးရွာအနီး၊ ရွှေလီမြစ်ဘေးနေရာတို့၌ တရားမဝင်ကျွန်းသစ် (၁၁)တန် နှင့် (၃)ပေ အောက် ကျွန်းသစ် (၂)တန်၊ ဖောင်းပြင် မြို့နယ်၊ ဖောင်းပြင်-ပင်လည်ဘူးသွား ကားလမ်းဝဲဘက် တောတွင်းနေရာ၌ (၁၀)ဘီးယာဉ်ပေါ်မှ တရားမဝင် တမလန်းဓါးရွေ (၁၅)တန်၊ ဆိုင်ကယ်(၁)စီးတို့ကို ဖမ်းဆီးရမိခဲ့သည်။
ထို့ပြင် ဗန်းမောက်မြို့နယ်၊ နန့်ခေါင်ဟူးကြိုးဝိုင်းအတွင်း တရားမဝင်အင်ဂျင် (၂၀)လုံး၊ ကျောက်ကြိတ်ခုံ (၆)လုံး၊ ဒိုင်နမို(၉)လုံး၊ အဲယားကွန် ဘက်ဆာ(၃)လုံး၊ လေအိုး(၂)လုံး၊ (၃)တန်ဝင့် (၁)လုံး၊ (၃)ကောင်မော်တာ (၁)လုံး ပါဝင်သော တရားမဝင် ရွှေတူးဖော်နေသော တရားခံ(၁၀)ဦး၊ ရေတာရှည်မြို့နယ်၊ စိုင်းရကြိုးဝိုင်း အကွက်(၆၈)အတွင်း ဆိုင်ကယ်(၃)စီးပေါ်မှ တရားမဝင် ကျွန်းခွဲသား (၀ ဒသမ ၄၁၀၀) တန်အား တရားခံ (၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
ညီညီသန်း(နေပြည်တော်)