နေပြည်တော်၊ ၃၀ ဒီဇင်ဘာ
ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် - CMRS ဖြင့် သတင်းပေးပို့ချက်အရ ဒီဇင်ဘာ ၂၇ ရက်မှ ၂၉ ရက်နေ့အတွင်း သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဂွမြို့နယ် ဒေသအခေါ် (၁၀)မိုင် ကျောက်ကွင်းအနီးမှ တရားမဝင် တောင်သရက်ခွဲသား (၅)တန်ကိုလည်းကောင်း၊ တောင်ငူမြို့နယ်၊ ခပေါင်းကြိုးဝိုင်း၊ ခပေါင်းချောင်းတစ်လျှောက် နယ်မြေရှင်းလင်းခြင်း ဆောင်ရွက်ရာ ခပေါင်းကြိုးဝိုင်း အကွက်အမှတ် (၄၂)အတွင်း တရားမဝင် ကျွန်း/ပျဥ်းကတိုး (၃၅ ဒသမ ၅၆၈) တန်နှင့် ကျွန်းခွဲသားခန့်မှန်း (၁၂)တန်ကိုလည်းကောင်း၊ တောင်ငူမြို့နယ်၊ ခပေါင်းကြိုးဝိုင်း အကွက်အမှတ် (၁၁၃)အတွင်း တရားမဝင်ကျွန်းသစ်/ ခွဲခြမ်း/ ခွဲသား (၃၅) တန်၊ အင်ဂျင်(၁)လုံးပါ သစ်စက်ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ထို့ပြင် လေးမျက်နှာမြို့နယ်၊ ပန်းတောကြီးကျေးရွာရှိ နေအိမ်ခြံဝန်းများအတွင်း တရားမဝင် ပျဉ်းကတိုး/ တောင်သရက်/ ဘင်္ဂခွဲသား (၁၃)တန်၊ ဒိန်းဒေါင်းယာဉ် (၁)စီး၊ လက်ကိုင်စက်လွှ (၃)လုံးနှင့်အတူ တရားခံ (၄)ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
ညီညီသန်း(နေပြည်တော်)