မြို့နယ်အချို့တွင်မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ 

နေပြည်တော် ၂၄  မေ 


မံဝိန်းကြီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၂၃ ရက် နံနက် ၈ နာရီခွဲက မံစီမြို့နယ်၊ မံဝိန်းကြီးကျေးရွာအနီးရှိ လယ်ကွင်းအစပ်တွင်တွေ့ရှိသူ ဆန်းထွန်းနှင့် မခါးရာ တို့အား စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၅၃ ဒသမ ၉ ဂရမ်နှင့် စိတ်ကြွရူးသွပ်ဆေး ၂,ဝ၅၈ ပြားတို့ကို သိမ်းဆည်းရမိခဲ့သည်။ 


ထို့အတူ ယင်းနေ့နံနက် ၃ နာရီ မိနစ် ၅၀ က မူးယစ်တပ်ဖွဲ့စု (၁၇) မန္တလေး (မြောက်ပိုင်း) မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ ၁၆ မိုင် စစ်ဆေးရေးစခန်းတွင် ခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်ရှာဖွေရာ ခရီးသည် မောင်ဆန်း၏ လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄,၇၇၀ နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကို လည်းကောင်း၊ 


အလားတူ ညနေ ၆ နာရီ  ၄၅ မိနစ်က မြောက်ဥက္ကလာပ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြောက်ဥက္ကလာပမြို့နယ်၊ ည-ရပ်ကွက်၊ ဘုမ္မာ(၁၃)လမ်း၊ အမှတ်(၅၂၄/က)နေ မောင်သိန်း (ခ) သိန်းဇော်ဦး၏ နေအိမ်ကိုဝင်ရောက်ရှာဖွေရာ ၎င်းအား မတွေ့ရှိဘဲ ချိုညီညီ (ခ) ဖိုးချိုအား တွေ့ရှိရပြီး စိတ်ကြွရူးသွပ်ဆေးပြား ၁,၁၀ဝ ၊ အိုက်စ် ၄၀ ဂရမ်၊ ဆေးခြောက် ၆၇ ဂရမ်နှင့် လက်ကိုင်ဖုန်းနှစ်လုံးတို့ကို လည်းကောင်း၊ 


ထို့အတူ မွန်းလွဲ ၁၂ နာရီခွဲက မူးယစ်တပ်ဖွဲ့စု (၂၄) လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် လားရှိုးမြို့နယ်၊ နောင်ဖော့ကျေးရွာအုပ်စု၊ နောင်ဖော့ကျေးရွာအနီးရှိ  အိုက်လှ၏တောင်ယာတဲကို ရှာဖွေရာ ၎င်းနှင့်အတူ ကျော်ဦး၊ စံညွန့်၊ ရန်ကိန်ချင်း၊ ရန်ကျင်းကွေ့၊ ရန်ကျင်းဟိုက် တို့အားတွေ့ရှိပြီး ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေး ၄,၉၆၂ ပြား ၊ တူမီးသေနတ် (၂)လက်၊ ယမ်းစိမ်းမှုန့် ၇၀ ဂရမ်၊ ခဲသီး ၁၀ လုံးနှင့် ငွေကျပ် ၅၀,ဝ၀ဝ တို့ကို လည်းကောင်း၊ 


အလားတူ နံနက် ၁၀ နာရီက တပ်မတော်မှ မိုးမိတ်မြို့နယ်၊ မိုးလိုကျေးရွာအုပ်စု၊ နားယုတ် ကျေးရွာနေ မနန်းအွန်(ခ)ညိုညိုလင်း၏ နေအိမ်ကိုဝင်ရောက်ရှာဖွေရာ နေအိမ်အောက်ထပ် အိပ်ရာဘေးမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၁၂၀ နှင့် ဘိန်းစိမ်း ၂၁၃ ဂရမ်တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။


MDN