နေပြည်တော်  ဇန်နဝါရီ ၅

မြို့နယ်အခွန်ဦးစီးဌာနမှူး လုပ်ငန်းကျွမ်းကျင်မှုသင်တန်း၊ အမှတ်စဉ်(၇၇) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၌ ကျင်းပသည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင် စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်းသန်း လင်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် အရာထမ်း/အမှုထမ်းများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းအခွန်များဦးစီးဌာနသည် နိုင်ငံတော်မှကောက်ခံရရှိသော အခွန်အကောက်စုစုပေါင်း၏ (၈၀)ရာခိုင်နှုန်းကျော်ကို နှစ်စဉ်ကောက်ခံပေးလျက်ရှိကြောင်း၊ မြို့နယ်အခွန်ဦးစီးဌာနမှူး များအနေဖြင့် သင်တန်းမှဆည်းပူးရရှိလာသည်များကို လက်တွေ့ဆောင်ရွက်မှုများဖြင့် ပေါင်းစပ်ပြီး၊ အခွန်ထမ်းပြည်သူများကို စိတ်ရင်းစေတနာမှန်ဖြင့် အဂတိတရားကင်း ရှင်းစွာ ဝန်ဆောင်မှုပေးကြရန်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် ရသင့်ရထိုက် သောအခွန်ငွေများ အပြည့်အဝရရှိရေးဆောင်ရွက်ကြရာတွင် အခွန်ထမ်းပြည်သူများက အခွန်ဥပဒေများအရ ပေးဆောင်သင့်သည့်အခွန်ငွေများကို တာဝန်သိစွာပေးဆောင် လာစေမည့် အခွန်ယဉ်ကျေးမှုထွန်းကားလာစေရန် အသိပညာပေး စည်းရုံးဆောင်ရွက် သွားကြရန် လိုအပ်ကြောင်း။

နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ငွေများ လျော့နည်းလွတ်ကင်းမှုမရှိဘဲ ဥပဒေနှင့်အညီ အပြည့်အဝကောက်ခံရရှိနိုင်ရေးကို ထိရောက်စွာ ကြိုးပမ်းဆောင်ရွက် သွားကြရန်ဖြစ်ကြောင်း၊ ရှင်းလင်းလွယ်ကူသော အခွန်စနစ်များ ကျင့်သုံးဆောင်ရွက်ခြင်း ဖြင့် ပြည်တွင်းအခွန်များဦးစီးဌာနကို ပွင့်လင်းမြင်သာမှုရှိသည့် ခေတ်မီသော အခွန်ဌာန တစ်ခုဖြစ်လာစေရန် ဦးတည်အကောင် အထည်ဖော်နေသဖြင့် ယင်းလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် သင်တန်းသား/သင်တန်းသူများ အပါအဝင် အခွန်ဝန်ထမ်းများ အားလုံးက တက်ညီလက်ညီ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားကြရန်ဖြစ် ကြောင်း၊ ပြည်သူများအတွက် ဝန်ဆောင်မှုပေးသည့် ပြည်သူ့ဝန်ထမ်းကောင်းများ ဖြစ်အောင် ကြိုးစားကြခြင်းဖြင့် ပြည်တွင်းအခွန်များ ဦးစီးဌာန၏ ဂုဏ်ကိုဆောင်နိုင်သည့် ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးပမ်းကြ စေလိုကြောင်း  မှာကြားသည်။

ယခုဖွင့်လှစ်သောသင်တန်းတွင် နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်ငွေများကို ကောက်ခံရာ၌ သတ်မှတ်ပြဋ္ဌာန်းထားသည့် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှု ဥပဒေ၊ ဝင်ငွေခွန်ဥပဒေ၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ၊ အထူးကုန်စည်ခွန်ဥပဒေ၊ တံဆိပ်ခေါင်းခွန်ဥပဒေဆိုင်ရာကိစ္စ၊ ဆက်စပ်သည့်ဥပဒေပြဋ္ဌာန်းချက်များ၊ အောင်ဘာလေ သိန်းဆုခွန်နှင့်စပ်လျဉ်းသည့် ညွှန်ကြားလွှာများ၊ အခွန်ကောက်ခံမှုနှင့်စပ်လျဉ်းသည့် စီမံရေးရာ၊ ငွေစာရင်းနှင့် အခွန်စာရင်းစစ် ဆေးခြင်းဆိုင်ရာကိစ္စ၊ အခွန်မူဝါဒနှင့် သုတေသနဆိုင်ရာကိစ္စ၊ အခွန်ကောက်ခံမှုဆိုင်ရာသတင်း အချက်အလက်ရှာဖွေစု ဆောင်းခြင်းနှင့် နည်းပညာအသုံးပြုအခွန်ကောက်ခံသည့် စနစ်များကို ပို့ချပေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိသူ သင်တန်းသူများကို ဆုများချီးမြှင့်ခဲ့ပြီး သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်သည်။ 

သင်တန်းကို ရက်သတ္တပတ်(၈)ပတ်ကြာဖွင့်လှစ်ပို့ချခဲ့ပြီး သင်တန်းသို့ ပြည်တွင်း အခွန်များဦးစီးဌာနမှ သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၇၉) ဦးတို့ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။ 

(သတင်းစဉ်)