နေပြည်တော်၊  ၂၆   ဇန်နဝါရီ

 

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင် ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၅ ရက်က လွိုင်လင် မြို့နယ် ကျူဖိုမီးကျေးရွာ၏ အနောက်မြောက်ဘက် ၃ မိုင်ခန့်အကွာ၌ အမြင့် ၂ ပေခန့်ရှိ သီးပွင့်ဆဲဘိန်းခင်း ၂၂ ဧကခန့်၊ ညပန်ကျေးရွာ၏ အရှေ့မြောက်ဘက် ၄ ဖာလုံခန့်အကွာ၌ အမြင့် ၂ ပေခန့်ရှိ သီးပွင့်ဆဲဘိန်းခင်း ၁၆ ဧကခန့်နှင့် ဗန်ဗွေကျေးရွာ၏ အရှေ့မြောက်ဘက်၌ အမြင့် ၂ ပေခန့်ရှိ သီးပွင့်ဆဲဘိန်းခင်း ၆ ဧကခန့်တို့အား ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

အလားတူ ဖယ်ခုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖယ်ခုံမြို့နယ်၊ လကျီလုံ ကျေးရွာ၏ အရှေ့တောင်ဘက် ၂ မိုင်ခန့်အကွာ၌ အမြင့် ၃ ပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ၁၀ ဧက ခန့်အားလည်းကောင်း၊ ပင်လောင်းမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပင်လောင်းမြို့နယ်၊ ကောင်ထိုကျေးရွာ၏ အနောက်ဘက် ၅ မိုင်ခန့်အကွာ၌ အမြင့် ၁ ပေခန့်ရှိ သီးပွင့်ဆဲဘိန်းခင်း ၃၅ ဧကခန့်အားလည်းကောင်း ဖျက်ဆီးခဲ့ကြသည်။

 

ထို့အပြင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဝိုင်းမော်မြို့နယ်၊ လငန်ကျေးရွာ၏ တောင်ဘက် ၂ မိုင်ခန့်အကွာ၌ အမြင့် ၆ လက်မခန့်ရှိ ဘိန်းပင် ပေါက် ၂ ဧကခန့်နှင့် ဝေါ့ချုံးကျေးရွာ၏ မြောက်ဘက် ၁ မိုင်ခန့်အကွာ၌ အမြင့် ၁ ပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ၅ ဧက ခန့်အားလည်းကောင်း၊ တနိုင်းမြို့နယ်ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပန္နက်ကျေးရွာ၏ အရှေ့မြောက်ဘက် ၆ မိုင်ခန့်အကွာ၌ အမြင့် ၁ ပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း ၇ ဧကခန့်အားလည်းကောင်း ဖျက်ဆီးခဲ့ကြသည်။

 

(ရဲပြန်ကြား)