လဲချား
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယနေ့နံနက် ၉ နာရီအချိန် မြို့နယ်ပြည်သူ့ဆေးရုံ ဇီဝိတဒါနသံဃာ့ဆောင်တွင် ပထမအကြိမ်စတင်ထိုးနှံပေးခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ဇင်မောင်နွယ် ဦးဆောင်၍ ပထမအကြိမ် စတင်ထိုးနှံပေးရာ မြို့နယ်ကုသရေး ဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ ဝန်ထမ်း ၈၇ ဦးအား ထိုးနှံပေးသွားမည်ဖြစ်သည်။
လဲချားမြို့နယ်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၁၀ လုံးရရှိပြီး တစ်လုံးလျှင် ၁၀ ဦး ထိုးနှံနိုင်ကြောင်း သိရသည်။
လွှမ်းသူနောင် (ပြန်/ဆက်)
မလှိုင်
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်စတင်ထိုးနှံပေးခြင်းကို ဇန်နဝါရီ ၂၈ ရက် နံနက် ၈ နာရီအချိန်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ဆောင်ရွက်ခဲ့ကြသည်။
"ကိုဗစ်-၁၉ ကာကွယ်ဆေးစတင် ထိုးနှံခြင်းကို တစ်နိုင်ငံလုံးအနေနဲ့ စတင် ဆောင်ရွက်တာပါ။ ကျွန်တော်တို့ မလှိုင်မြို့မှာတော့ ကျန်းမားရေး ဝန်ထမ်းအားလုံးကို ယနေ့မှာ စတင်ထိုးနှံ ပေးခြင်းဖြစ်ပါတယ်။မလှိုင်မြို့နယ်မှာ ကျန်းမာရေးဝန်ထမ်း ၁၉၄ ဦးရှိပြီး တိုင်းရင်းဆေးဌာန ဝန်ထမ်း ၂ ဦး စုစုပေါင်း ၁၉၆ ဦးရှိပါတယ်။ယနေ့မှာတော့ နံနက်ပိုင်းမှာ ၆၅ ဦး ညနေပိုင်းမှာ ၄၀၊ စုစုပေါင်း ၁၀၅ ဦးထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။ကျန်တဲ့ ကျန်မာရေး ဝန်ထမ်းတွေကို နက်ဖြန်မှာ ဆက်လက်ထိုးပေးသွားမှာဖြစ်ပါတယ်။ကိုဗစ်-၁၉ ကာကွယ်ဆေးကို နောက်တစ်ဆင့်မှာ နိုင်ငံတော်ကသတ်မှတ်ထားတဲ့ အတိုင်း အဆင့်ဆင့် ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။" ဟု မြို့နယ်ပြည်သူ့ဆေးရုံဆရာဝန်ကြီး မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါတ်တာ တင်ဇော်ဝင်းက ဆိုသည်။
ယနေ့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် ပထမဆုံးအကြိမ် စတင်းထိုးနှံခြင်းဖြစ်၍ ဆေးရုံအခြေပြု ထိုးနှံခြင်းအဖြစ်ဆောင်ရွက်ခဲ့ပြီး ကျေးရွာအုပ်စုများသို့ ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးနှံရာတွင် ဆေးထိုးအဖွဲ့များဖြင့် လိုက်လံကွင်းဆင်းထိုးနှံပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ကုသရေးမှူး က ပြောပြသည်။
ဘိုဘို(မလှိုင်)
သရက်
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (COVISHIELD) ထိုးနှံခြင်းများကို ယနေ့နံနက် ၈ နာရီက ခရိုင်ပြည်သူ့ ဆေးရုံတွင် စတင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ သရက်မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနဝန်ထမ်း (၂၅၂)ဦး၊ အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနဝန်ထမ်း(၉)ဦး၊ တိုင်းရင်းဆေး ဦးစီးဌာနဝန်ထမ်း(၂)ဦးနှင့် အားကစားနှင့်ကာယပညာ ဦးစီးဌာနဝန်ထမ်း(၅)ဦး တို့အား စတင်ထိုးနှံပေးခဲ့ပြီး ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူများကို ရက်သတ္တပတ်(၄)ပတ်ခြား၍ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်မံထိုးနှံ ပေးသွားမည်ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံပြီးသူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆက်လက် လိုက်နာနေထိုင် သွားကြရန် လိုအပ်ကြောင်း သရက်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာညွန့်ရွှေအောင်ထံမှ သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)
ကွတ်ခိုင်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကုသရေးနှင့် ကျန်းမာရေး ဝန်ထမ်း ဦးရေ ၁၀၀ အား ယနေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူဆေးရုံ စုရပ်နေရာ၌ ကိုဗစ်−၁၉ ကာကွယ်ဆေး(ပထမအကြိမ်) စတင်ထိုးနှံပေးသည်။
ကွတ်ခိုင်မြို့နယ်အတွင်း ထိုးနှံပေးမည့် ကိုဗစ်−၁၉ ကာကွယ်ဆေးများကို အားကစားနှင့် ကျန်မားရေးဝန်ကြီးဌာနမှ သတ်မှတ်သည့် ဦးစားပေး အုပ်စုအတိုင်း ညွှန်ကြားချက်များနှင့်အညီ အဆင့်ဆင့် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာဝင့်ဝင့်မြိုင်က ပြောသည်။
ကွတ်ခိုင်မြို့နယ်အနေဖြင့် အန္ဒိယနိုင်ငံမှ လှူဒါန်းထားသည့် ကာကွယ်ဆေးများနက် ၂၃ လုံးရရှိကာ ဆေး(၁)လုံးကို လူ(၁၀)ဦး ထိုးနှံပေးပြီး စုစုပေါင်း ကုသရေးနှင့်ကျန်းမာရေး ဝန်ထမ်း(၂၀၈)ဦး တို့ကိုတစ်နေ့လျှင် လူ ၁၀၀ နှုန်းဖြင့် (၂) ရက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း နှင့် ကာကွယ်ဆေးများ ထပ်မံရရှိလာပါက သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုမိုင်း(ပြန်/ဆက်)
လေးမျက်နှာ
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ကျန်းမာရေး ဝန်ထမ်းများအား မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှူး အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၇ နာရီမှစတင်၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများကို (ပထမ)အကြိမ် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ စုစုလှိုင် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိရာ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းဦးရေ ၁၆၀၊ တိုင်းရင်းဆေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်း(၂) ဦး၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဝန်ထမ်း(၃)ဦး၊ စုစုပေါင်း(၁၆၅ )ဦးတို့အား(၂ ) ရက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နတ်မောက်မြို့နယ်အတွင်းရှိ ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် တိုင်းရင်းဆေးဦးစီးဌာနမှ ဝန်ထမ်းများအတွက် အိန္ဒိယနိုင်ငံမှလှူဒါန်းသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (COVISHIEND) အလုံးရေ (၁၉)လုံး ရရှိပြီး တစ်လုံးလျှင် လူ(၁၀) ဦးထိုးနှံ နိုင်ကြောင်းလည်း သိရသည်။
ကျော်ဟိန်း(လေးမျက်နှာ)
မိုင်းပျဉ်း
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်ပြည်သူ့ဆေးရုံတွင် ယနေ့နံနက် ၈ နာရီကစ၍ မိုင်းပျဉ်းမြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်အတွင်းရှိရပ်ကွက်/ကျေးရွာအုပ်စု (၃၁)အုပ်စုတွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းစုစုပေါင်း(၇၃)ဦးကို အုပ်စုခွဲ၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးနောက် ထူးခြားသည့် လက္ခဏာရှိမရှိစောင့်ကြည့်ခြင်းများဆောင်ရွက်လျှက်ရှိကြောင်းနှင့် လက်ရှိကာကွယ် ဆေးထိုးနှံပြီး သူများအနေဖြင့် မတည့်သည့်လက္ခဏာပုံစံပြခြင်းမျိုးတစ်ဦးတစ်ယောက်မှ မရှိသေးပါကြောင်း မြို့နယ်ပြည် သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မေမွန်ထွဋ်၊ပြန်ဆက်
ဖရူဆို
ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အောက်ရှိ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံသစ်ကြီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖရူဆိုမြို့နယ် ရပ်ကွက်၊ကျေးရွာအုပ်စုများတွင် တာဝန်ထမ်းဆောင်နေသော မြို့နယ်ပြည်သူ့ ကျန်းမာရေးဝန်ထမ်း (၈၅)ဦး၊ မြို့နယ်ကုသရေးဝန်ထမ်း (၆၀) ဦး၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနမှ ဝန်ထမ်း (၂)ဦး နှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဝန်ထမ်း (၅)ဦး စုစုပေါင်းဝန်ထမ်း (၁၅၂)ဦးကို ညွှန်ကြားချက်များနှင့်အညီ ဇန်နဝါရီ(၂၈)ရက်နှင့် (၂၉)ရက်တို့တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဖရူဆို(ပြန်/ဆက်)
ကျောက်မဲ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းရှိ ကျန်းမာရေး ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေးခြင်းကို ယနေ့ ဇန်နဝါရီ ၂၈ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က ကျောက်မဲမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့နယ်အတွက် ပထမအသုတ်အနေဖြင့် ကာကွယ်ဆေး ၃၀ ရရှိခြင်းဖြစ်ကာ ကျောက်မဲမြို့နယ် (မိုင်းငေါ့မြို့၊ မိုင်းလုံမြို့အပါအဝင်)အတွင်းရှိ တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်း ၂၇၀ အား ပထမအသုတ်အဖြစ် စတင်ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
ကျောက်မဲမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနနှင့် မြို့နယ်သံဃာ့ဆေးရုံတွင် စုရပ် ၂ ခုခွဲ၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး ၃ ရက်အတွင်း အပြီးထိုးနှံသွားမည်ဖြစ်ကြောင်း ဒေါက်တာနန်းရီလှိုင်ဦး၏ ပြောကြားချက်အရ သိရသည်။
အဆိုပါကာကွယ်ဆေး ထိုးနှံရာတွင် လူတစ်ဦးလျှင်ဆေး ဝ.၅ စီစီထိုးပေးခြင်းဖြစ်ပြီး ဆေးတစ်လုံးလျှင် လူ ၁၀ ဦး ထိုးနှံနိုင်ကြောင်း၊ ပထမကြိမ် ကာကွယ်ဆေးထိုးအပြီး ရက်သတ္တ ၄ ပတ်အကြာတွင် ဒုတိယကြိမ်ထပ်မံ ထိုးနှံရမည်ဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)
ဖောင်းပြင်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဌာ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က စတင်ထိုးနှံသည်။
ဖောင်းပြင်မြို့နယ်မှ ကျန်းမာရေးဝန်ထမ်း ၁၄၁ ဦးအတွက် ကိုဗစ်- ၁၉ ကာကွယ်ဆေး အလုံးရေ ၁၆ လုံးရရှိပြီး ဆေးတစ်လုံးလျှင် လူဦးရေ ၁၀ ဦးထိုးနှံနိုင်ကြောင်း၊ ယခုကာကွယ်ဆေးကို ပထမအကြိမ်အဖြစ်ထိုးနှံပြီး ဒုတိယအကြိမ်အဖြစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ထိုးနှံသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်း မာရေးဌာနမှူး ဒေါက်တာအိအိဝင်းထံမှ သိရသည်။
အဆိုပါဆေးကို လတ်တလော ခွေးရူးပြန်ကာကွယ်ဆေးထိုးနေရသူများ၊ နို့တိုက်မိခင်၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ARV သောက်နေရသူများကို ထိုးနှံပေးခြင်းမရှိကြောင်း အဆိုပါဌာနမှ သိရသည်။
မြင့်ထွန်း(ဖောင်းပြင်)
မြို့သစ်
မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနလက်အောက်ရှိ ဝန်ထမ်းများဖြစ်သည့် ကျန်းမာရေးဌာနမှ ဝန်ထမ်း(၂၂၄)ဦး၊ တိုင်းရင်းဆေးကုဌာနမှ ဝန်ထမ်း(၆)ဦး၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ဝန်ထမ်း(၃)ဦး စုစုပေါင်း (၂၃၃)ဦးအား ကိုဗစ်-၁၉ရောဂါ ကာ ကွယ်ဆေးထိုးနှံပေးခြင်းကို ဇန်နဝါရီ ၂၇ ရက် မွန်းလွဲ ၁ နာရီက မြို့သစ်မြို့ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဆရာဝန်၊ ဆ ရာမများ သူနာပြုများ၊ ဝန်ထမ်းအားလုံးကို ကျန်းမာရေးဝန်ထမ်းလူဦးရေပေါ်မူတည်၍ (၁၀)ဦးတစ် ဖွဲ့ဖွဲ့၍လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက် များနှင့်အညီ ဆောင်ရွက်ခဲ့သည်။
အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရေးအတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ လူဦးရေစာရင်း ကောက်ယူကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက်ညွှန်ကြားချက်များနှင့်အညီ ဆက်လက်ဆောင် ရွက် ပေးသွားမည်ဖြစ်ကြောင်းမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
သန်းဝင်းထွန်း ( ပြန်/ဆက်)
မိုးမောက်
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမြို့နယ် ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယနေ့ နံနက် ၉ နာရီအချိန်ခန့် တွင် ပထမအကြိမ်စတင်ထိုးနှံပေးခဲ့သည်။
အဆိုပါ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ဆရာဝန်ကြီးဒေါက်တာ တင်မေသင်း ဦးဆောင်၍ ပထမအကြိမ် ထိုးနှံပေးရာ ယနေ့တွင် (၉၂) ဦးခန့် ထိုးနှံပေးမည်ဖြစ်ကြောင်း သိရှိရသည်။
လွန်းနန်းထွေး(ပြန်/ဆက်)
ဟိုပုံး
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေးခြင်းကို ဇန်နဝါရီ ၂၈ ရက် နံနက် ၈ နာရီခွဲအချိန်မှ စတင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးစတင်ထိုးနှံရာတွင်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဟိုပုံးမြို့နယ်အတွင်းရှိကျန်းမာရေးဝန်ထမ်းများနှင့် အားကစားနှင့် ကာယပညာဦးစီး ဌာနမှ ဝန်ထမ်းများစုစုပေါင်း(၁၆၂)ဦးတို့အား စတင်ထိုးနှံပေးသွားမည်ဖြစ်ပြီး ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူများသည်ရက်သတ္တပတ်(၄)ပတ် (၂၈)ရက်နေ့တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဌာနမှူးဒေါက်တာ မောင်မောင်သိန်း ထံမှ သိရသည်။
ပထမအကြိမ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးသည့်ကျန်းမာရေးဝန်ထမ်းများနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်နှင့်မြို့နယ် စည်ပင်သာယာဌာန အမှုဆောင်အရာရှိ ဦးမောင်မောင်မြင့်တို့က သွားရောက်ကြည့်ရှု အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
နေမင်းထွန်း(ခရိုင်ပြန်/ဆက်)


