ပွင့်ဖြူ ၁၃ ဧပြီ
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်း ပြည်ပနိုင်ငံများမှ ပြန်လာသူများ သီးသန့်နေထိုင်ရန် စီစဉ်ထားရှိသော ကျေးရွာ(၁၂)ရွာမှ ကန့်သတ်စောင့်ကြည့်ရေးစခန်းများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး ပိုးသတ်ဆေးများ ပက်ဖျန်းနိုင်ရန် အတွက် ဧပြီ ၁၂ ရက် ၊ နံနက်ပိုင်းက မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင်နှင့် ကော်မတီအဖွဲ့ဝင်များက ကလိုရင်းပိုးသတ်ဆေးပုံးများ သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ဒေသခံပြည်သူများ ကိုဗစ် - ၁၉ ရောဂါအန္တရာယ်ကင်းဝေးစေရန်အတွက် ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများကို မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီမှ မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ စာသင်ကျောင်းများတွင် Facility Quarantine များ သတ်မှတ်ထားရှိပြီး လိုအပ်သောကျန်းမာရေး ပြုစုစောင့်ရှောက်မှုများ စီစဉ် ဆောင်ရွက်ပေးခြင်း ၊ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးခြင်းတို့ကို ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ သီးခြားကန့်သတ်ထားရှိသော Facility Quarantine စောင့်ကြည့်ရေးစခန်းများအား ရောဂါကြိုတင် ကာကွယ်သည့်အနေဖြင့် ပိုးသတ်ဆေးများ ပက်ဖျန်းဆောင်ရွက် နိုင်ရန်အတွက် ယမန်နေ့က မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဉက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင်နှင့် ကော်မတီ အဖွဲ့ဝင်များက ကျေးရွာ(၁၂)ရွာသို့ ကွင်းဆင်းသွားရောက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ကလိုရင်းပိုးသတ်ဆေးရည် (၁)ပုံးစီ ထောက်ပံ့ပေးအပ်ပြီး စောင့်ကြည့်ရေးစခန်းများ၌ နေထိုင်လျက်ရှိသော ပြည်ပနိုင်ငံများမှ ပြန်ရောက်လာသူများကို သတ်မှတ်စောင့်ကြည့်ကာလအတွင်း အများပြည်သူ စိုးရိမ်ထိန့်လန့်မှုများ မဖြစ်စေရေးအတွက် စနစ်တကျ နေထိုင်သွားကြ ရန်နှင့် ကျန်းမာရေးပြုစုစောင့်ရှောက်မှုများ ပုံမှန် ပြုလုပ်သွားကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်အတွင်း ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူဦးရေမှာ ဧပြီ ၁၂ ရက်နေ့အထိ စုစုပေါင်း လူဦးရေ ၁၄၇၉ ဦးရှိပြီး အဆိုပါ ပြန်လည်ရောက်ရှိလာသူများကို သက်ဆိုင်ရာနယ်မြေအလိုက် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကျေးရွာများရှိ စာသင်ကျောင်းများတွင် ကန့်သတ် စောင့်ကြည့်ရေးစခန်းများ ဖွင့်လှစ်၍ နေရာစီစဉ်ဆောင်ရွက်ပေးကာ လိုအပ်သော ကျန်းမာရေး ပြုစုစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် ပွင့်ဖြူမြို့နယ်၌ မြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက် အပါအဝင် ကျေးရွာအုပ်စု(၅၆)အုပ်စုတွင် Home Quarantine အဖြစ် စောင့်ကြည့်ရသူ ၁၅၆ ဦး နှင့် Facility Quarantine အဖြစ် စောင့်ကြည့်ရသူ ၁၁၃ ဦးရှိကြောင်းနှင့် ယနေ့အထိ စိုးရိမ်ဖွယ်ရာ သံသယလူနာ တစ်ဦးမျှမရှိသေးကြောင်း ပွင့်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


