မကွေး ၉ အောက်တိုဘာ 

 

မကွေးတိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန် အစည်းအဝေး (၁၁)ရက်မြောက်နေ့တွင် မကွေးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်ခင်ချိုလတ်က မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်စည်ပင် သာယာရေးနယ်နိမိတ် ပြင်ပရှိ စက်သုံးဆီ အရောင်းဆိုင်များအား စည်ပင်ခွန်စည်းကြပ်ကောက်ခံခြင်း ရှိ/မရှိ သိရှိလိုကြောင်းနှင့် စပ်လျဉ်းသည့် မေးခွန်းအား မေးမြန်းခဲ့သည်။

 

 

အဆိုပါ မေးခွန်းနှင့် စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး ဦးဇော်မင်း က မကွေးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ကွပ်ကဲမှုအောက်ရှိ မြို့နယ်စည်ပင်သာယာရေး အဖွဲ့(၂၆)ဖွဲ့အနက် (၇)မြို့နယ် (မကွေး၊ ချောက်၊ နတ်မောက်၊ တောင်တွင်းကြီး၊ မင်းဘူး၊ မင်းလှနှင့် ရေစကြို) တွင် မြို့စည်ပင်သာယာရေး နယ်နိမိတ်ပြင်ပ၊ မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ် အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်(၄၆)ဆိုင်အား ဘေးအန္တရာယ် လုပ်ငန်း လိုင်စင်ခ စည်းကြပ်ကောက်ခံပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ အခွန်နှင့် သာမန်ရငွေစာရင်း ၂။ ၂-၄။ ၄-၅။ အန္တရာယ် ရှိစေနိုင် သော လုပ်ငန်း လိုင်စင်ခများ ခေါင်းစဉ်သို့ပေးသွင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ အခွန်စည်းကြပ် ကောက်ခံရာတွင် မကွေးတိုင်းတစ်တိုင်းလုံး တစ်ပြေးညီ စည်းကြပ် ကောက်ခံမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

 

 

စည်ပင်ခွန် စည်းကြပ်ကောက်ခံမှု မရှိဘဲ ကောက်ခံနေသော မြို့နယ်များ၏ အခွန်များ စည်ပင်သာယာရေးဌာန၊ ရသုံးမှန်းခြေ ငွေစာရင်းသို့ ဝင်ရောက်ခြင်း ရှိ/မရှိနှင့် ပတ်သက်၍ စည်းကြပ်ကောက်ခံခွင့် မရှိဘဲ စည်းကြပ်ကောက်ခံနေခြင်း မရှိကြောင်း ကောက်ခံရရှိသည့် အခွန်များ အားလုံးကိုလည်း အဖွဲ့ငွေစာရင်းသို့ ပေးသွင်းစေရေး ကြီးကြပ်စစ်ဆေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကောက်ခံရရှိသည့် အခွန်များကို အဖွဲ့ငွေစာရင်းသို့ ပေးသွင်းခြင်းရှိကြောင်း ပေါ်ပေါက်လာပါက သက်ဆိုင်ရာ တာဝန်ရှိသူ ဝန်ထမ်းများအား အလွဲသုံးစားပြုငွေကို ပြန်လည် ပေးလျော်/ ပေးသွင်းစေခြင်း၊ ဝန်ထမ်း စည်းကမ်းနှင့်အညီ အရေးယူ ဆောင်ရွက်ခြင်းများ ပြုလုပ်မည်ဖြစ်ပါကြောင်း၊ ဤကဲ့သို့ အလွဲသုံးစားမှု မဖြစ်ပေါ်စေရေးအတွက် ဌာနတွင်း ကြီးကြပ်စစ်ဆေးမှုများလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ဌာနတွင်း စိစစ်မှုများမှာလည်း အပြည့်အဝ စစ်ဆေးနိုင်မှုရှိရန် လိုအပ်မှု ရှိနေနိုင်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ကော်မတီမှ စက်ဆီ၊ ဓာတ်ဆီကားများနှင့် ပတ်သက်၍ ကွင်းဆင်း စိစစ်မှုမှာ ဌာနကြီးကြပ်မှုအတွက် အလွန်ပင် အကျိုးဖြစ်ထွန်းစေပါကြောင်း၊ ထို့ကြောင့် ၎င်းအတွက် အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ နောင်နှစ်တွင်လည်း ဆိုင်းဘုတ်များနှင့် ပတ်သက်၍ ယခုကဲ့သို့ ကွင်းဆင်းစိစစ် ပေးစေလိုပါကြောင်း ဖြေကြားခဲ့သည်။

 

သန်းနိုင်ဦး(ငဖဲ)