ပဲခူး၊ ၁၀ ဇန်နဝါရီ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ငါးကြီးကျေးရွာတွင် ဇန်နဝါရီ ၁၀ ရက် နံနက် ၉ နာရီက မြို့နယ်ချင်းဆက်၊ ကျေးရွာချင်းဆက် ငါးကျီးကွန်ကရစ်တံတားဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ကျေးလက်လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်ကျော်လူက တံတားနှင့်ပတ်သက်သည့် အချက်အလက်များအား ရှင်းလင်းတင်ပြကာ မိုးညိုမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းကိုက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များအား ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက တံတားဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်ပစ္စည်းများပေးအပ်ပြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးသိန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးဝင်းနှင့် ပဲခူးတိုင်းဒေသကြီး ကျေးလက်လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်ကျော်လူတို့က ဖဲကြိုးဖြတ်ဖွင့်ပေးကာ တံတားပေါ်သို့ ဖြတ်သန်းကြည့်ရှုကြသည်။
အဆိုပါတံတားသည် မြစ်မခမြစ်ကိုဖြတ်၍ ပေ (၄၀) (၈)ခန်းပါရှိသော အရှည် (၃၂၀) ပေ၊ အကျယ် ပေ (၂၀) ရှိ သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်ပြီး သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ထန်းပင်ကုန်းအုပ်စု၊ ငါးကျီးကျေးရွာနှင့် ရွာသာယာကျေးရွာအုပ်စု၊ ငါးကျီးကျေးရွာသို့ ဆက်သွယ်ထားသော တံတားဖြစ်သည့်အပြင် မိုးညိုမြို့နယ်နှင့် ကြို့ပင်ကောက်မြို့နယ်သို့ ဆက်သွယ်သော မြို့နယ်ချင်းဆက် တံတားလည်းဖြစ်သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အထိ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၆၁၄ ဒသမ ၄၀ သန်းဖြင့် မိုးညိုမြို့နယ် ကျေးလက်လမ်းဦးစီးဌာနမှ အနီးကပ်ကြီးကြပ်၍ ဟန်သီရိဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူကာ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၂၀ ရက်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၁၆ ရက်တွင် တည်ဆောက်ရေးလုပ်ငန်းများ အားလုံးပြီးစီးခဲ့ကြောင်း သိရသည်။
ငါးကျီးတံတားသည် ကျေးရွာအုပ်စု (၁၁)အုပ်စု၊ ကျေးရွာပေါင်း (၆၅)ရွာ၊ အိမ်ခြေ (၉၀၈၉)အိမ်၊ လူဦးရေ (၃၈၅၀၃)ဦးအား အကျိုးပြုနိုင်မည်ဖြစ်သည်။ ယခင်က မိုးညိုမြို့နယ်မှ ကြို့ပင်ကောက်မြို့နယ်သို့ သွားလာရာတွင် (၃၇/၀)မိုင်ခန့် ကွာဝေးပြီး တံတားတည်ဆောက်ပြီးစီးချိန်တွင် (၂၂/၄)မိုင်ခန့်သာ ကွာဝေးတော့သဖြင့် (၁၄/၄)မိုင် သက်သာသွားသည့်အပြင် ဒေသတွင်းနေထိုင်သူ ပြည်သူများ တစ်နေရာနှင့်တစ်နေရာ အချိန်တိုအတွင်း လွယ်ကူစွာ ဆက်သွယ်သွားလာနိုင်ကာ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးအတွက် အထောက်အကူပြု၍ အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းကြောင်း သိရသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အုတ်ဖိုမြို့နယ်အတွင်းရှိ တက်ဆွဲကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများအကြား လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


