ထားဝယ် ၈ မတ်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဘုရားကြီးဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပသည့် ရွှေတောင်စားစေတီတော် (၂၅၇)နှစ်မြောက်နှင့် လောကမာရဇိန်ဘုရား (၁၄၅)နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် မြို့နယ်လုံးကျွတ် သံဃာ့ဒါန ဆွမ်းခြောက် လောင်းလှူပွဲကြီးကို ယနေ့နံနက် ၇ နာရီ ထားဝယ်မြို့၊ ဘုရားကြီးဝင်းအတွင်း၌ စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
မြို့နယ်လုံးကျွတ် သံဃာ့ဒါန ဆွမ်းခြောက် လောင်းလှူပွဲကြီးတွင် သံဃာတော် (၁၀၈)ပါးနှင့် သီလရှင် အပါး (၃၀)တို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်နှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာများ၊ စေတနာရှင် အလှူရှင်များက ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြသည်။
ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကျက်သရေဆောင်၊ လောကမာရဇိန် ဘုရားကြီးဝင်းအတွင်း တွင် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော် ဓမ္မပူဇာသဘင်ကို မတ် ၇ ရက်မှစ၍ ၉ ရက်အထိ ည ၈ နာရီတွင် သံဃာတော်အရှင်သူမြတ်များက တရားအလှူပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ထားဝယ်ခရိုင်(ပြန်/ဆက်)