စေတုတ္တရာ ၂၉ ဇွန်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ တောင်သူများအား ကိုဗစ်-၁၉ အထူးချေးငွေများ ထုတ်ချေးလျက်ရှိကြောင်း သိရသည်။
ချေးငွေများ ထုတ်ချေးမှုနှင့်ပတ်သက်၍ မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မန်နေဂျာ ဒေါ်ကြူကြူဝင်းက “တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအပြင် ကိုဗစ်-၁၉ အထူးချေးငွေ အနေဖြင့် မြို့နယ်အတွင်းရှိ တောင်သူများအား လယ်ယာ တစ်ဧကလျှင် ငွေကျပ် ၅သောင်းနှုန်းဖြင့် ဇွန်(၂၄) ရက်နေ့မှစတင်၍ ထုတ်ချေးလျက်ရှိကြောင်းနှင့် ယနေ့တွင်လည်း ကျေးရွာအုပ်စုနှစ်ခုရှိ တောင်သူ (၂၄)ဦးကို စပါး(၂၅)ဧကအတွက် ငွေကျပ် ၁၂သိန်းခွဲ၊ နှမ်း(၆၈)ဧကအတွက် ငွေကျပ် (၃၄)သိန်း စုစုပေါင်း လယ်ယာ(၉၃)ဧကအတွက် ငွေကျပ်(၄၆)သိန်းခွဲ ထုတ်ချေးသွားမည်ဖြစ်ကြောင်း” ပြောကြားသည်။
ထိုသို့ ချေးငွေများ ထုတ်ချေးရာတွင်လည်း ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်သည့်အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဘဏ်အတွင်းသို့ မဝင်မှီ စနစ်တကျလက်ဆေးစေခြင်း၊ နှာခေါင်းစည်းများတပ်ဆင်လာစေခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာတွင် နေစေရေးဆောင်ရွက်ကာ ချေးငွေများ ထုတ်ချေးလျက်ရှိကြောင်း သိရသည်။
စေတုတ္တရာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် တောင်သူများအား ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း လယ်ယာလုပ်ငန်းများ လုပ်ကိုင်ရာတွင် အဆင်ပြေစေရန်အတွက် ကိုဗစ်-၁၉ ရောဂါ အထူးချေးငွေ(Covid-19 Special Rellef Loan)ကို ကျပ်သိန်း (၂၀ဝ၀)ကျော်ထုတ်ချေးနိုင်ရန် လျာထားလျက်ရှိကြောင်း မြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ် မန်နေဂျာ ဒေါ်ကြူကြူဝင်းထံမှ သိရသည်။
စည်သူလွင်(ပြန်/ဆက်)


