ရန်ကုန် ၁၁   သြဂုတ် 

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီ လက်အောက်ရှိ ရေစီးရေလာနှင့် ရေဆိုးစီမံခန့်ခွဲမှု လုပ်ငန်းတာဝန်ခံ အဖွဲ့၊ ပြည်သူ့ကျန်းမာရေးနှင့် ဈေးများလုပ်ငန်းတာဝန်ခံအဖွဲ့နှင့် မြို့နယ်များရှိ စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်များအား ယနေ့ နေ့လယ် ၁ နာရီက ရန်ကုန်မြို့တော်ခန်းမ အစည်းအဝေးခန်းမကြီး၌ တွေ့ဆုံပြီး လုပ်ငန်းလမ်းညွှန်များ မှာကြားခဲ့သည်။

ရန်ကုန်မြို့တော်ဝန်က လမ်းညွှန်အမှာစကားပြောကြားရာတွင် ယခုအခါ ရာသီဥတုဆိုးရွားမှုကြောင့် မြန်မာ နိုင်ငံအနှံ ရေကြီးရေလျံမှုများ ဖြစ်ပေါ်နေမှုနှင့်အတူ မြေပြိုမှုများလည်း ရှိနေကြောင်း၊ အဆိုပါသဘာဝဘေး အန္တရာယ်များကို ကြံကြံခံနိုင်မှုရှိစေရန်၊ ပြင်ဆင်ရန်အတွက်နှင့်  ရွေးချယ်ခံထားရသော မြို့နယ်စည်ပင်သာ ယာအဖွဲ့ဝင်များအား ဝန်ထမ်းလုပ်သက်စာအုပ်များ ထားရှိမှတ်တမ်းတင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ရာသီဥတုဆိုးရွားမှုဖြစ်ပေါ်တိုင်း ရေကြီးရေလျံမှုဖြစ်တတ်လေ့ရှိပြီး နောက်ဆက်တွဲအနေဖြင့် ရေပြဿနာ နှင့် ကျန်းမာရေးဆိုုင်ရာ ပြဿနာများဖြစ်တတ်လေ့ရှိကြောင်း၊ ရေနှင့်ပတ်သက်၍ ရေပေးဝေမှုနှင့် ရေစီးရေ လာဟူ၍ရှိပြီး ရေပေးဝေမှုအပိုင်းတွင် ရေကိုအလွှဲသုံးစားပြုမှုများရှိသည်ကို တွေ့ရှိရပြီး ထိန်းသိမ်းဆောင် ရွက်သွားကြရန်လိုကြောင်း၊ ရေစီးရေလာနှင့်ပတ်သက်၍ နိုင်နင်းစွာလုပ်ဆောင်နိုင်ခဲ့သည့်အတွက် မြို့နယ် စည်ပင်သာယာဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများကို ကျေးဇူးတင်ရှိပြီး ယင်းကို ဆက်လက်ခိုင်မာ စွာလုပ်ဆောင်သွားရန် လိုအပ်ကြောင်း၊ ကျန်းမာရေးနှင့် ပတ်သက်ပြီး ရေကြီးရေလျံမှုနှင့်အတူ တုပ်ကွေး ပေါင်းစုံဖြစ်ပွားတတ်လေ့ရှိကြောင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှုရှိရန် လိုအပ်ကြောင်း၊ ရေကြီးရေလျံမှုလျော့ နည်းသွှားသည့်အတွက် တုပ်ကွေးရောဂါဖြစ်ပွားမှုကို အဟန့်အတားပြုထားနိုင်ကြောင်း ပြောကြားခဲ့သည်။ 

ရန်ကုန်မြို့တော်ဝန်က ဆက်လက်၍ ခွေးလေခွေးလွင့်နှင့်ပတ်သက်ပြီး သတင်းတစ်ခုထွက်ပေါ်နေကြောင်း၊ ခွေးတစ်ကောင်ပို့ပါက ခြောက်ထောင်ကျပ်ရရှိသည်ဟူ၍ဖြစ်ကြောင်း၊ ယင်းကို ရန်ကုန်မြို့တော်စည်ပင် သာ ယာရေးကော်မတီအနေဖြင့် ပြုလုပ်ခြင်းမရှိကြောင်းကို ပြည်သူများ သိရှိနိုင်စေရန် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ အဓိကမှာ လမ်းများပေါ်တွင် ခွေးလေခွေးလွင့်များ မရှိစေရေးပင်ဖြစ်ကြောင်း၊ သားဆက်ခြားခြင်းကို သက်ဆိုင်ရာဌာနမှ လုပ်ဆောင်သွားမည်ဖြစ်ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအနေဖြင့် လမ်းများပေါ်တွင် ခွေးလေခွေးလွင့်များ မရှိစေရေးအတွက် သင့်တော်သောနေရာသို့ ပို့ဆောင်သွားရေးပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် လူမှုရေးကိစ္စများတွင် လာဘ်ပေးလာဘ်ယူမှုများ ကင်းရှင်းရန်လိုအပ်ပြီး လိမ်ညာလုပ်ဆောင်မှုများ မရှိစေရန် လိုအပ်ကြောင်း၊ လမ်းများ ကတ္တရာများကို ဖျက်လိုဖျက်ဆီး လုပ်ဆောင်မှုမရှိစေရေးအတွက် မြို့နယ် ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ ကြပ်မတ်ဆောင်ရွက်သွားစေလိုကြောင်း၊ ရေဆိုးထွက်ရှိသည့် ရေနုတ် မြောင်းများကို စည်ပင်သာယာဝန်ထမ်းများအနေဖြင့် သက်စွန့်ဆံဖျား ရှင်းလင်းလုပ်ဆောင်လျက်ရှိသော်လည်း အချို့သူများအနေဖြင့် ရေလျံမှုများဖြစ်စေရန် လုပ်ဆောင်မှုများရှိသည်ကို တွေ့ရှိရကြောင်း၊ မြို့နယ် စည်ပင်သာယာရေးကော်မတီများ၏ လုပ်ငန်းဆောင်ရွက်မှုများ ပီပြင်မှုရှိလာကြောင်း၊ မြို့နယ်အချို့တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တံဆိပ်တပ်ဆင်မောင်းနှင်သော ကားများအား တွေ့ရှိရပြီး ကားများတွင် တံဆိပ်တပ်ဆင်ခွင့်မရှိပါကြောင်း၊  တွေ့ရှိပါက အရေးယူမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း