ကျောက်ပန်းတောင်း ၂၆ ဖေဖော်ဝါရီ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ကာကွယ်ရေးနည်းလမ်းများ နှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီခွဲက တောင်ခြေကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်တင်ထွေးရီက အသိပညာပေးဟောပြောပွဲ၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး အမျိုးသမီး ကျန်းမာရေးဆိုင်ရာများနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် နေ့စဉ်ဆောင်ရွက်သင့်သည့် လုပ်ငန်းများကို ရှင်းလင်းဟောပြောသည်။
ဆက်လက်၍ ပွေးကျစ်တိုက်နယ် ကျန်းမာရေးဌာနမှ ဦးမျိုးသီဟအောင် (ကြီးကြပ်-၁)က လတ်တလောဖြစ်ပွားနေသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19 )နှင့်ပတ်သက်၍ စတင်ဖြစ်ပွားမှု အခြေအနေများနှင့် လက်ရှိအထိ ဖြစ်ပေါ်ကူးစက်နေမှုနှင့် သေဆုံးမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး၊ ကူးဆက်ရောဂါဖြစ်ပွားနိုင်သည့် အခြေအနေများနှင့် ရောဂါကူးဆက်ခံရသူ၏ လက္ခဏာများ၊ ရောဂါကူးစက်မှုမခံရအောင် ဆောင်ရန်/ရှောင်ရန် အချက်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် သားဖွားဆရာမဒေါ်ခင်မျိုးချစ်က လက်ဆေးရမည့်နည်းစနစ်များနှင့် နှာခေါင်းစည်း(Mask) တတ်ဆင်အသုံးပြုရမည့် နည်းလမ်းများကို လက်တွေ့ရှင်းလင်းပြသပြီး ပညာပေးဟောပြောပွဲကို ရုပ်သိမ်းလိုက်သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကျောက်ပန်းတောင်းမြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်တင်ထွေးရီနှင့်အဖွဲ့ဝင်များ၊ ပွေးကျစ်တိုက်နယ် ကျန်းမာရေးဌာနမှ ကျန်းမာရေးကြီးကြပ်(၁)ဦးမျိုးသီဟအောင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ တောင်ခြေကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ အိမ်ထောင်စုဝင်များ စုစုပေါင်းအင်အား(၁၂၀) တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)


