ကျောင်းကုန်း ၂၂ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အေးချမ်းသာယာခန်းမ၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲနှင့် ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲများ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်းက မှန်ကန်တိကျသောစာရင်းကို လိုချင်တဲ့အတွက် ဒီလိုတွေ့ဆုံတာဖြစ်ကြောင်း၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကိုလည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးဖို့ မှာကြားထားကြောင်း ပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအုန်းကြိုင်က လာမည့် ဇူလိုင် ၂၅ ရက်တွင် ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာရန်နှင့် ကြေညာစဉ် (၁၄)ရက်အတွင်း မဲဆန္ဒရှင်များ၏ ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄- ဂ) လာရောက် လျှောက်ထားမှုများ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ရေး ကြိုတင်ညှိနှိုင်း ဆွေးနွေးခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်စုမြတ်ထိုက်က မဲစာရင်းပြုစုရာတွင် ရွေးကောက်ပွဲ စတင်ကျင်းပသည့်နေ့၌ အသက်(၁၈)နှစ်ပြည့်ပြီး ရွေးကောက်ပွဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူများနှင့် ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်သူတိုင်းကို ထည့်သွင်းပြုစုရမည်ဖြစ်ကြောင်း ပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲ ဒုတိယဦးစီးမှူး ဦးအောင်ကိုကိုလတ်က မဲဆန္ဒရှင်စာရင်း ကြော်ငြာသင်ပုန်းတွင် ပထမအကြိမ် ကပ်ထားမှုအား ရှင်းလင်းပြောကြားခဲ့သည်။
ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအား မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာရန်အတွက် မဲဆန္ဒရှင်စာရင်း (၃)စုံ၊ တိုင်းရင်းသားမဲဆန္ဒရှင်စာရင်း (၃)စုံ၊ ကြေညာချက်ပုံစံ(၂)၊ (၂- က)များ၊ ကြော်ငြာသင်ပုန်းများနှင့် စာရေးကိရိယာများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၌ ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)


