၄  အောက်တိုဘာ

 

ဒီမိုကရေစီနိုင်ငံကို တည်ဆောက်နေသော မျက်မှောက်ကာလတွင် ရုပ်ဝတ္ထုပိုင်းဆိုင်ရာနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာတို့၌ ဒီမိုကရေစီစနစ်နှင့် လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပြောင်းလဲဆောင်ရွက်လျက်ရှိသည်။ ပြည်သူများ လူမှုဘဝ မြင့်မားတိုးတက်ရေးအတွက် မြို့ပြများဖွံ့ဖြိုးတိုးတက်လာရေးကို မြှင့်တင်ဆောင်ရွက်ပေးလျက် ရှိသကဲ့သို့ မြို့ပြနေပြည်သူများ နိုင်ငံကြီးသားပီသစွာဖြင့် လိုက်နာကျင့်ကြံနေထိုင်တတ်အောင် အသိပညာပေးခြင်း၊ ဥပဒေများ ပြဋ္ဌာန်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

 

ရန်ကုန်မြို့တော်ကို မြို့ပြအင်္ဂါရပ်နှင့် ညီညွတ်မှုရှိစေရေး၊ မြို့တော်နေပြည်သူများ မြို့ပြစည်းကမ်းများကို လေးစားလိုက်နာရေးအတွက် လိုအပ်သည့် စည်ပင်သာယာဥပဒေကို ရေးဆွဲပြဋ္ဌာန်းခဲ့ပြီး ယခု အောက်တိုဘာလ ၁ ရက်နေ့တွင် ထိုဥပဒေ စတင်အသက်ဝင် အာဏာသက်ရောက်ပြီဖြစ်သည်။ ယင်းကို ရန်ကုန်မြို့နေ ပြည်သူများသာမက ပြည်သူအားလုံး သိရှိကြရန်လိုအပ်ပြီး ဥပဒေသစ်တွင်ပါဝင်သည့် ပြစ်မှုနှင့် ပြစ်ဒဏ်များကို လေ့လာထားကြရမည်ဖြစ်သည်။

 

ဥပဒေတွင် မြို့တော်နယ်နိမိတ်အတွင်းရှိ လမ်းနှင့်စင်္ကြံပေါ်တွင် မီးစက်နှင့် အခြားပစ္စည်းကိရိယာများ ချထားခြင်း၊ ကားရေဆေးခြင်း၊ ညအိပ်ရပ်နားခြင်း၊ အကြောင်းမဲ့ အချိန်ကြာမြင့်စွာ ယာဉ်ရပ်နားခြင်းနှင့် အရည်အသွေးမမီသော၊ ကျန်းမာရေးနှင့် ညီညွတ်မှုမရှိသော၊ စားသုံးရန် မသင့်သော သား၊ ငါး၊ အစားအသောက်များ ထုတ်လုပ်ရောင်းချခြင်း တို့ပြုလုပ်ပါက ဒဏ်ငွေ ကျပ်တစ်သိန်းမှ ကျပ်ငါးသိန်းအထိ ပြစ်ဒဏ်များ ပါရှိသည်။

 

ရန်ကုန်မြို့တော် နယ်နိမိတ်အတွင်း ရေဆိုးသန့်စင်စနစ် ပျက်စီးစေရန် လုပ်ဆောင်ပါက ဒဏ်ငွေကျပ် ၁၀ သိန်းမှ သိန်း ၅၀ အထိ၊ ထောင်ဒဏ်ခြောက်လမှ တစ်နှစ်အထိ သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်စလုံး ကျခံနိုင်ခြင်း၊ စည်ပင်သာယာ ခွင့်ပြုချက်မရှိဘဲ အသားထုတ်လုပ် သိုလှောင်ခြင်းပြုလုပ်ပါက ဒဏ်ငွေကျပ် ငါးသိန်းမှ သိန်း ၃၀၊ ထောင်ဒဏ် တစ်နှစ် သို့မဟုတ် ပြစ်ဒဏ် နှစ်ရပ်စလုံး ကျခံနိုင်ခြင်း၊ ဈေးများတွင် စည်ပင်ခွင့်ပြုချက်မရှိဘဲ ဈေးရောင်းပါက ဒဏ်ငွေကျပ် ငါးသောင်းမှ သုံးသိန်းအထိ၊ ယာယီ သို့မဟုတ် အမြဲတမ်းအဆောက်အအုံတည်ဆောက် ပါက ဒဏ်ငွေကျပ် ငါးသိန်းမှ ၁၅ သိန်း၊ ထောင်ဒဏ် ခြောက်လ သို့မဟုတ် ပြစ်ဒဏ် နှစ်ရပ်စလုံးကျခံနိုင်ခြင်း ပါရှိသည်။ အလှူငွေ ကောက်ခံခြင်း၊ ဖျော်ဖြေပွဲ၊ ဟောပြောပွဲကျင်းပပါက ဒဏ်ငွေကျပ် တစ်သောင်းမှ ငါးသောင်းအထိ၊ အဆောက်အအုံ၊ ခြံဝင်းများမှထွက်သော အညစ်အကြေးရေဆိုးများကို စည်ပင်ခွင့်ပြုချက်မရှိဘဲ YCDC မိလ္လာပြွန်ထဲသို့ စွန့်ပစ်ခြင်း၊ စည်ပင်ခွင့်ပြုချက်မရှိဘဲ မော်တော်ယာဉ်ရပ်နားခ ကောက်ခံပါက ဒဏ်ငွေကျပ်တစ်သိန်းမှ ငါးသိန်းနှင့် ထောင်ဒဏ်ခြောက်လ သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်စလုံး ကျခံနိုင်ခြင်း၊ စည်ပင်သတ်မှတ်ခွင့်ပြုသည့်နေရာ၊ အချိန်မှအပ လမ်းဘေးဈေးရောင်းခြင်း၊ စည်ပင်ခွင့်ပြုမိန့် လိုင်စင်မရှိဘဲ ယာဉ်တစ်မျိုးမျိုးဖြင့် လှည့်လည်ကြော်ငြာ ခြင်း၊ ရောင်းချခြင်းပြုလုပ်ပါက ဒဏ်ငွေကျပ် တစ်သောင်းမှ တစ်သိန်းအထိ၊ ပတ်ဝန်းကျင်ညစ်ညမ်းပြီး အန္တရာယ်ဖြစ်စေမည့် ပစ္စည်းများ၊ အီလက်ထရွန်နစ်ပစ္စည်းများကို စည်ပင်သတ်မှတ်သော နေရာမှလွဲ၍ အခြားနေရာတွင်စွန့်ပစ်ပါက ဒဏ်ငွေကျပ်တစ်သိန်းမှ ငါးသိန်းအထိ၊ အမှိုက်များကို ရေမြောင်း၊ ခြံဝင်း၊ ပန်းခြံ၊ ဥယျာဉ်၊ ကစားကွင်း၊ လမ်း၊ နောက်ဖေးလမ်းကြားသို့ စွန့်ပစ်ပါက ဒဏ်ငွေကျပ် သုံးသောင်းမှ သုံးသိန်း၊ ထောင်သုံးလ သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်လုံး ကျခံနိုင်ခြင်း၊ စည်ပင်အမှိုက် နရာကို ရွှေ့ပြောင်း၊ ဖျက်ဆီးပါက တန်ဖိုး၏သုံးဆနှင့် စည်ပင်ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံဆောက်လုပ်ပါက ဒဏ်ငွေကျပ်သုံးသိန်းမှ သိန်း ၃၀ အထိကျခံနိုင်ခြင်း၊ အထူးအရေးကြီးသည်မှာ အများပြည်သူနှင့် သက်ဆိုင်သောနေရာနှင့် လမ်းပေါ်သို့ ကွမ်းတံတွေးနှင့် အညစ်အကြေး အမျိုးမျိုးတို့ကို စွန့်ပစ်ပါက ဒဏ်ငွေကျပ် သုံးသောင်းမှ ကျပ်ငါးသောင်းအထိ ကျခံနိုင်ခြင်းတို့ကို သတိပြုရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ ဥပဒေတစ်ရပ်သည် ပြည်သူများ လိုက်နာရန် ပြဋ္ဌာန်း ထားခြင်းဖြစ်သည်။ ပြည်သူများ လိုက်နာရန်အတွက်လည်း ဥပဒေနှင့်အညီ တိတိကျကျ ဆောင်ရွက်ကြမှသာ စည်းကမ်းပြည့်ဝသော နိုင်ငံကြီးသားများ၊ သာယာလှပသောမြို့တော် ဖြစ်ပေလိမ့်မည်။ ။

 

ကြေးမုံ