ကိုလင်း
Rainbow Art Entertainment မှ ပထမဆုံး ရိုက်ကူးထားသည့် မြို့ပြမုဆိုးများနှင့် လျှို့ဝှက်မှတ်တမ်း ဇာတ်လမ်းတွဲကို MNTV Channel တွင် မကြာမီ ပြသမည်ဟု သိရသည်။ အဆိုပါ ဇာတ်လမ်းတွဲကို ဇာတ် လမ်း/ဇာတ်ညွှန်း ခရစ်က ရေးသားပြီး ဒါရိုက်တာ ရိုက်ခတ်က ရိုက်ကူးကာ သရုပ်ဆောင်များအဖြစ် သရုပ်ဆောင်သစ်များဖြစ်သော ကျော်ကိုကိုဝေ၊ ရာဇာရောင်နီ၊ ခရစ်၊ သီဟ၊ ကျော်စွာ၊ ရဲထွဋ်၊ ခိုင်ဇင်သက်၊ နန္ဒာ၊ ဖြိုး အိန္ဒြေကျော်၊ ခင်မမ၊ ဟန်နီစုစံနှင့် သရုပ်ဆောင်များစွာ ပါဝင်ထားကြောင်း သိရသည်။
''ကျွန်တော်တို့ Rainbow အနေနဲ့ မျက်နှာသစ် သရုပ်ဆောင်တွေနဲ့ ဘာကြောင့် ထုတ်လုပ်ရိုက်ကူးရ တာလဲလို့ အားလုံးကမေးကြတယ်၊ ဒါက ကျွန်တော်တို့ အနုပညာ မျိုးဆက်သစ်တွေ ထပ်မံပေါ်ထွက်လာစေချင်တယ်၊ ပြီးတော့ လူငယ် မျိုးဆက်သစ် အနုပညာသမားတွေကို နေရာတစ်ခု ပေးချင်တဲ့စိတ်ကြောင့်ပါ၊ အခုခေတ်က အနုပညာလောကကို ဝင်ရတာ လွယ်ကူတယ်လို့ ထင်ရပေမယ့် အခက်အခဲတွေကတော့ အများကြီးပါ၊ ထုတ်လုပ်ရေး တော်တော်များများက အသစ်ဆိုတင်ဖို့ သိပ်ကြောက်ကြတယ်၊ ဒါလည်း ထုတ်လုပ်ရေးဘက်က ကြည့်ရင်မှန်ပါတယ်၊ ခေတ်ကိုက သိပ်ပြီးမဟန်တော့ဘူးလေ၊ ရုပ်ရှင်ထုတ်လုပ်ရေးအချို့ဆို ရှုံးကြလို့ နောက်ဆုတ်သွားကြတယ်၊ ကျွန်တော် သေချာပြန်သုံးသပ်ကြည့်တော့ ဒီလိုဇာတ်လမ်းတွဲ ရိုက်ပြီး ချန်နယ်တစ်ခုခုမှာပြသလိုက်ရင် ပိုအဆင်ပြေမယ်၊ ထိရောက်မယ်လို့ ထင်တာကြောင့်ပါ၊ ဒါရိုက်တာ ခရစ်ဆိုတာကလည်း လူငယ်တက်သစ်စ ဒါရိုက်တာတစ်ဦးပါ၊ အဲလိုပဲ သရုပ်ဆောင်တွေကအစ ကျွန်တော်တို့ စိတ်ကြိုက်ရွေးထားတဲ့ သူတွေ ချည်းပါပဲ''ဟု Rainbow Art Enter-tainmet မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဇာတ်လမ်းနှင့် ပတ်သက်၍လည်း အဆိုပါတာဝန်ရှိ သူက ''ဇာတ်လမ်းကတော့ ပုံမှန် လူ့အသိုင်းအဝိုင်းမှာ ဖြစ်နေကျ၊ မြင်နေကျပုံစံလေးတွေကို ပြထားတာပါ၊ လောဘဒေါသများပြီး ဒုစရိုက်မှုတွေကို လက်မတွန့်ဘဲ ကျူးလွန်လာကြတဲ့သူတွေကို တရားဥပဒေက ဆုံးမတဲ့ ပုံစံမျိုးတွေ၊ ပြီးတော့ လူငယ်သဘာဝ ချစ်ကြ မုန်းကြပြီး လမ်းခွဲလိုက်ကြတဲ့အခါ အာဃာတတရားတွေ လက်ကိုင်ထားပြီး အပြန်အလှန် လက်စားချေတုံ့ပြန်တာတွေကို မလုပ်သင့်ကြောင်း ဒီကားလေးက ပညာပေးအဖြစ် ပြသသွားမှာပါ၊ လူတစ်ယောက်ကို အကောက်ကြံပြီး သတ်လိုက်ကြတယ်၊ အဲဒီအမှုကို ဖော်ထုတ်ထားတဲ့ ပုံစံလေးပါပဲ''ဟု ထပ်မံ ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် အဆိုပါ ဇာတ်လမ်းတွဲကို MNTV Channel မှ ထုတ်လွှင့်ပြသနိုင်ရန် ညှိနှိုင်းနေကြောင်းနှင့် အပိုင်း ၁၂ ပိုင်း ရိုက်ကူးထားကြောင်း သိရသည်။
မြန်မာ့အလင်း