ရန်ကုန်၊  ၃၀   ဇန်နဝါရီ  

 

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဦးဆောင်မှု ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နှင့် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန (ယခင်ပြည်သူ့အိုးအိမ်အဖွဲ့ရုံး) အဆောက်အအုံအား ရန်ကုန်မြို့ပြ အမွေအနှစ်အထိမ်းအမှတ် အပြာရောင်ကမ္ဗည်းပြား တပ်ဆင်သည့် အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် အဆိုပါအဆောက်အအုံ မျက်နှာစာ၌ ကျင်းပသည်။

 

 

ယနေ့တပ်ဆင်သော မြို့ပြအမွေအနှစ်အထိမ်းအမှတ် အပြာရောင်ကမ္ဗည်းပြားသည် ၂၀၂၁ ခုနှစ်၏ ပထမဆုံးဖြစ်ပြီး ရန်ကုန်မြို့၏ ၃၇ ခုမြောက် တပ်ဆင်ခြင်းလည်းဖြစ်သည်။ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဉက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်နိုင်၊ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ဒါရိုက်တာ ဒေါ်မိုးမိုးလွင် တို့ တက်ရောက် ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီး အမွှေးနံ့သာ ပက်ဖျန်းပေးကြသည်။

 

 

mdn

 

အခမ်းအနားတွင် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့တော်ကြီး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျွန်တော်တို့အစိုးရအဖွဲ့ တာဝန်ယူစဉ်ကတည်းက ရည်မှန်းချက် () ရပ်ချပြီး ဆောင်ရွက်ခဲ့ရာမှာ မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ဖို့က အဓိကတစ်ချက်ဖြစ်ပါတယ်။ ရန်ကုန်မှာ မြို့ပြအမွေအနှစ် အဆောက်အအုံတွေ အများအပြားရှိတယ်၊ အပြာရောင်ကမ္ဗည်းပြား တပ်ဆင်တဲ့ ယခုအဆောက်အုံ ဟာ အရေးကြီးတဲ့အထိမ်းအမှတ် အဆောက်အအုံကြီးတစ်ခုလည်း ဖြစ်ပါတယ်။ ရန်ကုန်မြို့ ပိုမိုတိုးတက်ဖို့ အိမ်ရာစီမံကိန်းတွေကို ဒီနေရာကစခဲ့တာပါ။ အခုလို မြို့ပြအမွေအနှစ်တွေ ထိန်းသိမ်းခြင်းအားဖြင့် နိုင်ငံတကာ ခရီးသွားဧည့်သည်တွေကိုလည်း ပြသနိုင်မှာဖြစ်ပါတယ်၊ ဒီအဆောက်အအုံဟာ တစ်ချိန်က အိမ်ရာနဲ့ပတ်သက်တဲ့ ပြည်သူတွေ အားကိုးအားထားပြုခဲ့ရတဲ့ နေရာပါ။ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းဆောင်ပေးနိုင်တဲ့ ဒီရုံးအဆောက်အအုံကြီး ရန်ကုန်မြို့တော်တည်ရှိ နေသရွေ့ သမိုင်းကြောင်းအဖြစ် တည်ရှိနိုင်ရန် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ဖို့ ပြောကြားလိုပါတယ်ဟု အဖွင့်မိန့်ခွန်တွင် ပြောကြားခဲ့သည်။

 

 

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန အဆောက်အအုံကို ၁၉၂၃ ခုနှစ် မတ်လတွင် ရန်ကုန်စည်ပင် သာယာရေးအဖွဲ့၏ ရုံးအဖြစ် မြန်မာပြည်ဘုရင်ခံ Sir Harcourt Butler က စတင်တည်ဆောက်ခဲ့သည်။

 

၁၉၂၀ ခုနှစ် ရန်ကုန်စည်ပင်သာယာအဖွဲ့ အက်ဥပဒေ ပေါ်ပေါက်ခဲ့သော ရန်ကုန်စည်ပင်သာယာရေး အဖွဲ့သည် ၁၉၅၄ ခုနှစ်တွင် ပြည်သူ့အိုးအိမ်အဖွဲ့၊ ၁၉၇၂ ခုနှစ်တွင် အိုးအိမ်ဦးစီးအဖွဲ့ ၁၉၇၄ ခုနှစ်တွင် အိုး အိမ်ဌာန၊ ၁၉၉၀ ပြည့်နှစ်တွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန၊ ၂၀၁၅ ခုနှစ်တွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနစသည်ဖြင့် အဆင့်ဆင့် အမည်ပြောင်းအသုံးပြုခဲ့သည်မှာ နှစ်ပေါင်း ၁၀၀ ပြည့်မြောက်တော့မည်ဖြစ်ပြီး  ယနေ့တိုင် အဆောက်အအုံကို အပြည့်အဝ အသုံးပြလျက်ရှိသည်။

 

 

ဒီရုံးအဆောက်အအုံ စဆောက်စဉ် ပထမဆုံးရည်ရွက်ချက်က စည်ပင်သာယာရေး၊ နောက်ပိုင်း မြို့ပြဖွံ့ဖြိုးရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေးအတွက် စီမံတဲ့ဌာနကြီး ဖြစ်လာခဲ့တယ်။ စဆောက်ကတည်းက ရည်ရွယ်ချက်နဲ့ ဆောက်ခဲ့တဲ့ရုံးအဆောက်အအုံကြီး။ လက်ရှိ နှစ် ၁၀၀ နီးပါးရှိသည့်တိုင် အားကောင်း လုပ်ဆောင်နေဆဲ။ ရန်ကုန်မြို့ တိုးတက်သာယာဖွံ့ဖြိုးရေး လုပ်ဆောင်ခဲ့တဲ့သမိုင်းကြောင့် အရေးကြီးတဲ့ မြို့ပြအမွေအနှစ်သတ်မှတ်ပြီး အပြာရောင်ကမ္ဗည်းပြား တပ်ဆင်ခြင်းဖြစ်ပါတယ်၊ ကမ္ဗည်းပြား တပ်ဆင်တဲ့ ရည်ရွယ်ချက်ကတော့ ရန်ကုန်မြို့မှာ အရေးကြီးတဲ့ နေရာတွေဆို သမိုင်းကို ပိုပြီးသိ၊ ပိုပြီးတန်ဖိုးထား ထိန်းသိမ်းဖို့နဲ့ မသိသေးတဲ့နေရာတွေ၊ ပုဂ္ဂိုလ်တစ်ဦးဦးနဲ့ ဆက်စပ်ခဲ့တယ်ဆိုတဲ့နေရာ တွေကိုလည်း ပိုပြီးလူသိများ ထင်ရှားလာအောင် ဖော်ထုတ်ခြင်းဖြစ်ပါတယ်ဟု ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ဒါရိုက်တာ ဒေါ်မိုးမိုးလွင်က ယနေ့အပြာရောင် ကမ္ဗည်း ပြား တပ်ဆင်သည့် အခမ်းအနားတွင် မီဒီယာများအား ပြောကြားသည်။

 

 

ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောင်ရေးအဖွဲ့သည် ၂၀၁၂ ခုနှစ် မတ်လတွင် စတင်တည်ထောင်ခဲ့ပြီး ယနေ့ ၂၀၂၁ ခုနှစ် အပြာရောင် ကမ္ဗည်းပြားတပ်ဆင်မှုတွင် ပထမဆုံးဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်ကာလ အခြေအနေပေါ်မူတည်ကာ   ရန်ကုန်စက်မှု တက္ကသိုလ်အပါအဝင် မြို့ပြအမွေအနှစ် အဆောက်အအုံများကို ယခုနှစ်အတွင်း ဆက်လက်တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

 

မောင်စိန်လွင်(မြန်မာ့အလင်း)၊ ထင်ပေါ်ဝင်း

ဓာတ်ပုံ- မင်းထက်

 

mdn