နေပြည်တော် ၇ ဩဂုတ်

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင်သင်တန်းကျောင်း၊ မြေဧရိယာ (၅၅၅ ဒသမ ၈၁) ဧကပေါ်တွင် KMIC Industrial Complex စီမံကိန်းဆောင်ရွက်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် Korea Land and Housing Corporation တို့အကြား ဖက်စပ်လုပ်ငန်းသဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စုဝေးခန်းမဆောင်၌ ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းတင့်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကိုရီးယားနိုင်ငံမှ LH.CEO, Mr. Byun Chang Heum (ဗြောင်ချန်းဟွန်) နှင့်တာဝန်ရှိသူများ၊ Global SAE - A မှ CEO, Mr. Kim Ki Myug (ကင်ကီမြောင်း) နှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က နိုင်ငံတကာအဆင့်မီ KMIC စက်မှုဇုန်ထူထောင်ရာတွင် အလုပ်အကိုင်အခွင့်အလမ်း ငါးသောင်းမှတစ်သိန်းအထိ ဖန်တီးပေးနိုင်မည်ဖြစ်သည့်အတွက် ရန်ကုန်တိုင်းဒေသကြီးနှင့် မြန်မာနိုင်ငံ၏စက်မှုကဏ္ဍ၊ နိုင်ငံခြားပို့ကုန်ကဏ္ဍ၊ လူ့စွမ်းအားအရင်းအမြစ်ကဏ္ဍ မြှင့်တင်ပေးနိုင်ပြီး လူမှု့စီးပွားဖွံဖြိုးရေးအတွက် ကြီးမားသောအထောက်အပံ့များ ဖြစ်စေနိုင်မည်ဖြစ်ပါကြောင်း။

ကိုရီးယားနိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒလချစ်ကြည်ရေးတံတား တည်ဆောက်ရေး၊ KMIC စက်မှုဇုန်ထူထောင်ရေးအတွက်သာမက အခြားသော ကဏ္ဍစုံတွင် အားတက်သရော ကူညီပံ့ပိုးပေးသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း။
 
KMIC ကို ကိုရီးယား - မြန်မာ နှစ်နိုင်ငံအစိုးရအချင်းချင်း ပူးပေါင်းအကောင်အထည်ဖော်သည့် စီမံကိန်းအဖြစ် ရလဒ်ကောင်းများနှင့် တိုးတက်အောင်မြင်လာစေရန်အတွက် JV ကုမ္ပဏီမှ ပါဝင်လာကြသည့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ LH Corporation နှင့် Global SAE-A တို့ အပြန်အလှန်ယုံကြည်မှုနှင့် အတူတကွ ပူးပေါင်းမှုများဖြင့် ကြိုးပမ်းအားထုတ် ဆောင်ရွက်ပေးသွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။ 

ထို့နောက် Korea Land and Housing Corporation, Chief Executive Officer, Mr. Byun Chang Heum (ဗြောင်ချန်းဟွန်)နှင့် Global SAE-A Co.,Ltd , Chief Executive Officer , Mr. Kim Ki Myung (ကင်ကီမြောင်း)တို့ကို နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ယင်းနောက် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က စီမံကိန်း လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ 

 

1


ယင်းနောက် ပြည်ထောင်စုဝန်ကြီး၏ ရှေ့မှောက်တွင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်၊ Korea Land and Housing Corporation, CEO, Mr. Byun Chang Heum နှင့် Global SAE-A Co.,Ltd, CEO, Mr. Kim Ki Myung တို့မှ ဖက်စပ်လုပ်ငန်း သဘောတူစာချုပ်များအား လက်မှတ်ရေးထိုးကြပြီး အပြန်အလှန်လဲလှယ်ခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်