မြို့ပြသယ်ယူပို့ဆောင်ရေးနှင့် တက္ကစီများ၏ အခန်းကဏ္ဍ

သိပ္ပံစာရေးဆရာ ကိုကိုအောင်

ကမ္ဘာ့မြို့ပြများ၌ တက္ကစီ (Taxi) ခေါ် စီးလုံးငှားယာဉ်ငယ်များ မောင်းနှင်သွားလာ ပြေးဆွဲလျက်ရှိနေကြသည်။ ခရီးသည် ပို့ဆောင်ရာတွင် တစ်ဦးတစ်ယောက် သို့တည်းမဟုတ် တစ်စုတစ်ဖွဲ့ကို လိုရာခရီးသို့ စီးလုံးငှားစနစ်ဖြင့် ဝန်ဆောင်မှု ပေးနိုင်ရန်အတွက် မြို့ပြအာဏာပိုင်တို့က တရားဝင်မှတ်ပုံတင်စေကာ တိုင်းဒေသတစ်ခုအတွင်း၌ဖြစ်စေ၊ စီရင်စုတစ်စု အတွင်း၌ဖြစ်စေ၊ မြို့နယ်တစ်ခုအတွင်း၌ဖြစ်စေ သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီ ပြေးဆွဲခွင့်ပြုထားသော ကြံ့ခိုင်မှုနှင့် လုံခြုံစိတ်ချရမှု အပြည့်အဝရှိသည့် ယာဉ်များကို တက္ကစီ သို့မဟုတ် စီးလုံးငှားယာဉ် ဟုခေါ်ဆိုကြသည်။

တက္ကစီများကို မှတ်ပုံတင်စေရာ၌ မြို့ပြလူဦးရေ၊ လမ်းကွန်ရက်နှင့် မြို့၏ဖွံ့ဖြိုးတိုးတက်နေမှု အခြေအနေများအပေါ် မူတည်ပြီး လိုအပ်သည့် အတိုင်းအတာ အချို့ခွင့်ပြုပေးရန်ဖြစ်သလို၊ လိုအပ်သည်ထက် ပိုမိုခွင့်ပြု နေခြင်းမျိုး မဖြစ်စေရန်အတွက်လည်း ဂရုပြုကြရန် လိုအပ်သည်။ ဖွံ့ဖြိုးမှုနောက်ကျသော နိုင်ငံများတွင် တက္ကစီများကို မှတ်ပုံတင်စေရာ၌ တစ်ဦးချင်းစီက ပိုင်ဆိုင်သော ယာဉ်အများအပြားကို အကန့်အသတ်နှင့် အထိန်းအကွပ်မဲ့စွာဖြင့် ဆောင်ရွက်ပေးနေကြသလို မှတ်ပုံတင်ပြီး ပြေးဆွဲနေကြသော တက္ကစီများ၏ စည်းကမ်းဖောက်ဖျက်နေမှုများပေါ်၌လည်း လျစ်လျူရှုကာ ဥပေက္ခာပြုထားကြလေ့ ရှိသည်။ အဂတိတရားလေးပါးနှင့် မကင်းသောနိုင်ငံများ၌ တက္ကစီခေါ် စီးလုံး ငှားယာဉ်များ၏ စည်းကမ်းဖောက်ဖျက်မှု အများအပြား ကို တွေ့ရှိနိုင်သလို တရားဥပဒေစိုးမိုးမှုမရှိသော နိုင်ငံ များ၌လည်း တက္ကစီယာဉ်များဖြင့် ရာဇဝတ်မှုမျိုးစုံ ကျူးလွန်ခြင်းများကို တွေ့ရှိနိုင်ကြသည်။

တက္ကစီများ စည်းကမ်းဖောက်ဖျက်ခြင်း

တက္ကစီဆိုသည်မှာ တစ်ဦးတစ်ယောက် သို့တည်းမဟုတ် တစ်စုတစ်ဖွဲ့က လိုရာခရီးကို သွားရောက်နိုင်ရန်အတွက် အချိန်အတိုင်းအတာတစ်ခုအတွင်း၌ ငှားရမ်း သုံးစွဲမှုအပေါ် ဝန်ဆောင်မှုပေးရမည်ဖြစ်သည့် အားလျော်စွာ ဆက်စပ်မှု မရှိသူများကို တစ်ဦးတစ်ယောက်ထက်ပို၍ သို့တည်းမဟုတ် တစ်စုတစ်ဖွဲ့ထက်ပို၍ တင်ဆောင်မောင်းနှင်ခြင်းမျိုးမှာ စည်းကမ်းကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်ခြင်းပင် ဖြစ်သည်။ ထိုကဲ့သို့သော စည်းကမ်းချိုးဖောက်ခြင်းမျိုးကို မြို့ပြသယ်ယူပို့ဆောင်ရေး စီမံခန့်ခွဲမှုညံ့ဖျင်းသည့် နိုင်ငံများ သို့တည်းမဟုတ် တိုင်းဒေသကြီးများ၌ တွေ့ရှိနိုင်သည်။

ထို့အတူပင် တက္ကစီယာဉ်များကို အသုံးချပြီး လုယက်ခြင်း၊ အကြမ်းဖက်ခြင်း၊ ဓားပြတိုက်ခြင်း စသည်တို့ အပါအဝင် ကြီးလေးသော ရာဇဝတ်မှုများကို ကျူးလွန်ခွင့် ရနေကြခြင်းများကလည်း တက္ကစီယာဉ်များ မောင်းနှင်သွားလာပြေးဆွဲ နေမှုများအပေါ် ကွပ်ကဲထိန်းချုပ်မှု အလွန်အားနည်းခြင်း၊ လျှပ်တစ်ပြက် ရှောင်တခင်စစ်ဆေးမှု အလွန်အားနည်းခြင်း၊ လုံခြုံမှုအတွက် စောင့်ရှောက်ခြင်းဆိုင်ရာ လှည့်ကင်းအဖွဲ့များဖြင့် လှည့်လည်စောင့်ကြပ် စစ်ဆေးမှုများ မရှိသလောက် နည်းပါးခြင်း စသည်တို့ကြောင့်ပင် ဖြစ်သည်။

တကယ့်လက်တွေ့၌လည်း ဖော်ပြပါ စည်းကမ်းဖောက်ဖျက်မှုနှင့် ရာဇဝတ်မှုကျူးလွန်ခြင်းမျိုးများကို နိစ္စဓူဝ စောင့်ကြပ် ကြည့်ရှုကာ စောင့်ရှောက်မှုပေးနိုင်ရန် မှာ အခက်အခဲများစွာ ရှိနေတတ်သည်။ ခွင့်ပြုထားသော ဘတ်ဂျက်မလုံလောက်ခြင်း၊ ဝန်ထမ်းအင်အား လုံလောက်မှုမရှိခြင်း၊ ခေတ်မီနည်းပညာများ အသုံးချနိုင် မှုအားနည်းခြင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက အဂတိလိုက်စားခြင်း၊ မိမိတာဝန် ယူရသောလုပ်ငန်းအပေါ် စိတ်ဝင်စားမှုမရှိခြင်း၊ စေတနာ ခေါင်းပါးခြင်း၊ ကျွမ်းကျင်မှုမရှိခြင်း၊ တာဝန်အရ ဆောင်ရွက်နေရသော်လည်း မိမိတတ်မြောက်ထားသည့် အခြေခံပညာ အရည်အချင်း၊ တက္ကသိုလ်ပညာ အရည်အချင်း၊ လေ့ကျင့်သင်ကြားထားသော အသက်မွေးဝမ်းကျောင်း ပညာအရည်အချင်းများနှင့် ကိုက်ညီမှု မရှိခြင်း စသည်တို့က စီမံခန့်ခွဲမှု အားနည်းချက်များကို ဖြစ်ပေါ်လာစေသည်။ စနစ်တစ်ခုကို ချမှတ်ရာ၌ အဆင့်မြင့် တာဝန်ရှိပုဂ္ဂိုလ်များကိုယ်တိုင် နားလည်သဘောပေါက်မှု အားနည်းခြင်းကလည်း ထပ်ဆင့် တာဝန်ခွဲဝေ ဆောင်ရွက်စေရာတွင် ခရီးမပေါက်သောအဖြစ် မျိုးကို ကြုံတွေ့ရစေသည်။

လုံခြုံစိတ်ချရသော စီးလုံးငှား သယ်ယူပို့ဆောင်ရေးစနစ်

လုံခြုံစိတ်ချရပြီး ထိရောက်သော စီးလုံးငှားသယ်ယူ ပို့ဆောင်ရေး စနစ်တစ်ရပ်ကို ဖော်ဆောင်နိုင်ရန်အတွက် အသင့်လျော် ဆုံးသော အခြေခံတစ်ရပ်မှာ တက္ကစီယာဉ်များကို Transportation Service Team များအလိုက် မှတ်ပုံတင်စေကာ ခွင့်ပြုပေးခြင်းပင် ဖြစ်သည်။ တစ်စီးချင်းကို ထိန်းချုပ်ရသည်ထက် ပို့ဆောင်ရေးကုမ္ပဏီများအလိုက် ထိန်းချုပ်ရသည်က အချိန်၊ လုပ်အားနှင့် ငွေကြေးသုံးစွဲရမှု စသည်တို့ကို များစွာလျော့ကျသွားမည်ဖြစ်သလို စည်းကမ်းဖောက်ဖျက်မှုနှင့် ရာဇဝတ်မှုများ ကိုလည်း သိသာစွာ လျော့ပါးသွားစေလိမ့်မည် ဖြစ်သည်။

အာဆီယံဒေသတွင်း နိုင်ငံများကိုကြည့်လျှင် စင်ကာပူ၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့၌ တက္ကစီယာဉ်များကို Transportation Service Team များအလိုက် မှတ်ပုံတင် ခွင့်ပြုပြီး ထိန်းချုပ်ကွပ်ကဲနေကြသည်ကို တွေ့ရှိကြရမည် ဖြစ်သည်။ ထိုနိုင်ငံများ ထဲ၌ပင် စင်ကာပူသည် စီးလုံးငှား ပို့ဆောင်ရေးစနစ် အလွန်ကောင်းမွန်ပြီး လုံခြုံစိတ်ချရမှုအရှိဆုံး မြို့ပြနိုင်ငံဖြစ်သည်။ တက္ကစီ ငှားရမ်းစီးနင်းရန်အတွက် Taxi Stand များကို သီးသီးသန့်သန့် သတ်မှတ်ပေးထားသလို တက္ကစီ ငှားရမ်းစီးနင်းရာ၌လည်း ဦးရာလူအလှည့်ကျ စနစ်ဖြင့်သာ စီးနင်းနိုင်အောင် စီမံဆောင်ရွက်ပေးထားသည်ကို တွေ့ရှိနိုင်သည်။ ငှားရမ်းစီးနင်းခ ပေးချေစေရာ၌လည်း Fixed Fare with Trip Meter ခေါ် ခရီးအကွာအဝေး ပေါ်မူတည်ပြီး သတ်မှတ်နှုန်းအတိုင်း အတိအကျ ပေးချေရ သောစနစ်ကို အသုံးပြုထားသည့်အတွက် တက္ကစီငှားရမ်း စီးနင်းကြသော စင်ကာပူနိုင်ငံသားများတင် မကဘဲ ပြည်ပ ခရီးသွားဧည့်သည်များအတွက်ပါ အဆင်ပြေပြီး စိတ်ချမ်းသာမှုကို ရရှိစေသည်။

ထို့အတူ အာရှဒေသအတွင်းရှိ ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံများ၌လည်း Taxi Stand များ သတ်မှတ်ပေးထားခြင်း၊ Transportation Service Team များအလိုက် တက္ကစီများကို မှတ်ပုံတင်ခွင့်ပြုခြင်း၊ ခရီးအကွာအဝေးအပေါ် မူတည်ပြီး သတ်မှတ်နှုန်းအတိုင်း အတိအကျပေးချေ စေခြင်းစသော စနစ်များကို ချမှတ်ပေးထားသည့်အတွက် တက္ကစီယာဉ်များ စည်းကမ်းဖောက်ဖျက်ခြင်း၊ တက္ကစီယာဉ် ကို အသုံးချပြီး ရာဇဝတ်မှုကြီးငယ်များကို ကျူးလွန်ခြင်း စသည်တို့ကို ထိရောက်စွာ ဟန့်တားထားလျက်ရှိသည်။ တက္ကစီယာဉ်မောင်းများနှင့် တက္ကစီကုမ္ပဏီများဘက်ကလည်း စည်းကမ်းလိုက်နာမှု အပြည့်အဝ ရှိကြသလို စီးနင်းသုံးစွဲသူ မြို့နေပြည်သူများဘက်ကလည်း အပြည့်အဝ ပူးပေါင်း ဆောင်ရွက်ပေးကြသည်ကို တွေ့ရှိနိုင်သည်။

အနောက်ဥရောပ နိုင်ငံများ၌လည်း ထိုနည်းနှင်နှင်ပင် ဖြစ်သည်။ ထိုနိုင်ငံများအနက် ပြင်သစ်နိုင်ငံ ပါရီမြို့၌ဆိုလျှင် အထက်ဖော်ပြပါ တက္ကစီပြေးဆွဲမှု စနစ်များအပြင် ခရီးသည် ကိုယ်တိုင် မောင်းနှင်ယူဆောင်အသုံးပြုနိုင်သော Self Service Taxi Transportation System ကို စီစဉ်ဆောင်ရွက် ပေးထားသည်။ ထိုစနစ်ကို အသုံးပြုကာ ခရီးသည်များကို ဝန်ဆောင်မှု ပေးနေကြသည့် Taxi Transportation Company များက မောင်းသူအပါအဝင် စုစုပေါင်း ခရီးသည် လေးဦးအထိ လိုက်ပါစီးနင်းနိုင်သည့် လျှပ်စစ်ကားငယ် (Electric Powered Mini Taxi) များကို ပါရီမြို့တွင်းရှိ သတ်မှတ်ထားသော နေရာများ၌ တန်းစီကာ အသင့်ရပ်ထားပေးကြသည်။

ခရီးအကွာအဝေးပေါ် မူတည်ပြီး ပေးချေရ

အဆိုပါ လျှပ်စစ်တက္ကစီ ကားငယ်ကလေးများကို အသုံးပြုလိုသူတို့က Taxi Stand သို့ လာရောက်၍ ကားအတွင်းရှိ ငွေပေးချေသည့်စက်အတွင်းသို့ ပြင်သစ်နိုင်ငံ သုံးငွေကြေး (Currency Note) ကို ကြိုတင် ထည့်သွင်းပေးချေလိုက်သည်နှင့် တစ်ပြိုင်နက် Driving System က အသက်ဝင်သွားကာ ခရီးသည်ကိုယ်တိုင် အဆိုပါတက္ကစီကို ယူဆောင်မောင်းနှင်ပြီး လိုရာခရီးသို့အရောက် လွတ်လပ်ပေါ့ပါးစွာ အသုံးပြုနိုင်ကြသည်။ မောင်းနှင်မှုခရီးအကွာ အဝေးအပေါ်မူတည်ပြီး သတ်မှတ် ထားသည့်နှုန်းထားကို တက္ကစီအတွင်း၌ တပ်ဆင်ထားသည့် ငွေပေးချေစနစ်က အလိုအလျောက် ခုနှိမ်ဖြတ်တောက် ရယူသွားခြင်း ဖြစ်သည်။ သို့ရာတွင် အဆိုပါ လျှပ်စစ်တက္ကစီကားငယ်များကို အလွဲသုံးစားလုပ်ခြင်းမျိုး မပြုလုပ်နိုင်အောင် တယ်လီမက်တစ် စနစ်ဖြင့် စောင့်ကြည့်နေသလို ပါရီမြို့၏ သတ်မှတ်ထားသော နေရာများကို ကျော်လွန်ပြီး မြို့ပြင် တစ်နေရာရာဆီသို့ မောင်းနှင်ယူဆောင်သွားခြင်းမျိုး မပြုလုပ်နိုင်အောင်လည်း အီလက်ထရောနစ် စနစ်တစ်ရပ်ဖြင့် ထိန်းချုပ်ပေးထားသည်။

တက္ကစီခေါ် စီးလုံးငှားယာဉ်များသည် မြို့ပြသယ်ယူ ပို့ဆောင်ရေးတွင် မရှိမဖြစ်အရေးပါသော ဝန်ဆောင်မှုဆိုင်ရာ ပံ့ပိုးမှု တစ်ရပ်ဖြစ်သည်။ မြန်မာနိုင်ငံတွင် Osaka Daihatsu က အမှတ်တံဆိပ် ကပ်နှိပ်ထားသော သုံးဘီးယာဉ်ငယ် (Three Wheeler)များဖြင့် စီးလုံးငှား စနစ်ကို စတင်ခဲ့သည်မှာ နှစ်ပေါင်း ၅၀ ကျော်ပင်ရှိခဲ့ပြီ ဖြစ်သည်။ ထိုမှတစ်ဆင့် Mazda B-360 ပစ်ကပ် လေး ဘီးယာဉ်ငယ်များ၊ Mazda B- 600 ပစ်ကပ်လေးဘီး ယာဉ်ငယ်များ၊ Mazda B-800 Familia ပစ်ကပ်လေးဘီး ယာဉ်ငယ်များ စသည်ဖြင့် စွမ်းရည်ပိုမို ကောင်းမွန်သော မော်တော်ယာဉ်ငယ်များဖြင့် အစားထိုးကာ စီးလုံးငှား ပို့ဆောင်ရေး စနစ်ကို တစ်စတစ်စ အဆင့်မြှင့်တင်ပေးခဲ့သည်မှာ သမိုင်း၌ အထင်အရှားရှိခဲ့သည်။

အထက်ဖော်ပြပါ စီးလုံးငှား ယာဉ်ငယ်ကလေး များဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း၌ ခရီးသည် ပို့ဆောင်သည့် ဝန်ဆောင်မှုကို ပေးခဲ့ရာတွင် အဆိုပါ စီးလုံးငှား တက္ကစီယာဉ်ငယ်ကလေး များပေါ်၌ Fixed Fare with Trip Meter စနစ်ကိုပါ ပူးတွဲတပ်ဆင်ပေးခဲ့သည့်အတွက် စီးနင်းအသုံးပြုသည့် ခရီးအကွာအဝေးအပေါ် မူတည်ကာ သတ်မှတ်နှုန်း အတိုင်း ပေးချေရသည့်အတွက် ခရီးသည်များနှင့် တက္ကစီယာဉ်မောင်းသူတို့အကြား၌ ဝန်ဆောင်ကြေးဆိုင်ရာ အငြင်းပွားမှု တစ်စုံတစ်ရာမရှိခဲ့ကြပေ။

ယနေ့ခေတ်သစ်တက္ကစီလောက

ယနေ့ခေတ်သစ် တက္ကစီလောက၌မူ များသောအားဖြင့် တစ်ဦးချင်းပိုင်ကားများဖြင့်သာ ပြေးဆွဲပို့ဆောင် ပေးနေကြခြင်း၊ သတ်မှတ်နှုန်းထား မရှိသလို Trip Meter လည်းမပါရှိခြင်း၊ မောင်းနှင်ပြေးဆွဲသွားလာရာ လမ်းကြောင်းတစ်လျှောက်လုံးတွင် စောင့်ကြည့်ခံရ ခြင်းမှ ကင်းလွတ်နေကြခြင်း၊ တက္ကစီယာဉ်မောင်းများ မကြာခဏ ပြောင်းလဲနေကြခြင်း၊ သီးသီးသန့်သန့် သတ်မှတ်ပေးထားသော Taxi Stand များမရှိခြင်းကြောင့် စိတ်ထင်သလို ရပ်နား၊တင်ဆောင်၊ ထွက်ခွာ၊ မောင်းနှင်ခွင့် ရနေကြခြင်း၊ ယာဉ်စည်းကမ်း ဖောက်ဖျက်နေမှုများကို တာဝန်ရှိသူတချို့က ဥပေက္ခာပြုထားမှုကြောင့် စည်းကမ်းဖောက်သော တက္ကစီယာဉ်မောင်း တချို့အဖို့ လွတ်လပ်နေကြခြင်း၊ ဆက်စပ်မှုမရှိသော ခရီးသည်များကို တစ်ဦး သို့မဟုတ် တစ်ဖွဲ့ထက်ပို၍ တင်ဆောင်မောင်းနှင်နေကြသော တက္ကစီယာဉ်မောင်း တချို့အဖို့ ထိန်းချုပ်ကွပ်ကဲ အရေးယူမှုများမှ ကင်းလွတ်နေကြခြင်း စသည်တို့ကြောင့် Taxi Transportation ခေါ် စီးလုံးငှား ပို့ဆောင်ရေးစနစ်၏ အနှစ်သာရက ကင်းမဲ့လျက် ရှိနေသည်။

စည်းကမ်းဖောက်ဖျက်သော တက္ကစီယာဉ်မောင်း တချို့၊ လူမှုရေးကျင့်ဝတ်ကို နားမလည်သော တက္ကဆီ ယာဉ်မောင်းတချို့နှင့် တက္ကစီကိုခုတုံးလုပ်သော တက္ကစီယာဉ်မောင်း တချို့တို့ကြောင့် ခရီးသည်များ အနိုင်ကျင့် ခံနေရခြင်း၊ ယာဉ်အန္တရာယ် တိုးပွားခြင်း၊ မိန်းကလေးတချို့ ကာယိန္ဒြေ ထိပါးနှောင့်ယှက်ခံနေရခြင်း၊ အချို့နေရာများ၌ တက္ကစီဖြင့် အကြမ်းဖက်မှုနှင့် ရာဇဝတ်မှု ကြီးငယ်တို့ ကျူးလွန်သည်ကို ခံနေကြရခြင်း၊ ကိုယ်ကျင့် သိက္ခာနှင့်ပြည့်စုံသော တက္ကစီယာဉ်မောင်းအများစု၏ ဂုဏ်သရေကိုထိခိုက်ခြင်း၊ စည်းကမ်းလိုက်နာသော တက္ကစီယာဉ်မောင်းအများစု၏ စောင့်ထိန်းမှုအပေါ် အသိအမှတ်ပြုခံရမှု ကျဆင်းခြင်းစသည့် လူမှုရေး ထိခိုက်ခံစားရမှုများကို ကြုံတွေ့ကြရလျက် ရှိနေသည်။

သို့ဖြစ်၍ အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍ လုံခြုံစိတ်ချ ချောမွေ့စေရေးအတွက် တက္ကစီများ၏ အခန်းကဏ္ဍကို မြှင့်တင်ရာတွင် ကိုယ်ကျင့်သိက္ခာ ပြည့်ဝပြီး စည်းကမ်းလိုက်နာသည့် Professional Taxi Driver များ မောင်းနှင်သော Taxi Transportation Service Team များကို ဦးစားပေးထူထောင်ကာ မြို့ပြနေ ပြည်သူတို့၏ ခရီးသွားလာရေးအတွက် ဝန်ဆောင်မှု ပေးသွားကြရမည်သာ ဖြစ်ပေသည်။    ။