အကြမ်းဖက်မှုများကို ပူးပေါင်းတိုက်ဖျက် အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှုများ၏ ရည်ရွယ်ချက်မှာ ပြည်သူလူထုအတွင်း အကြောက်တရားဖြင့် လွှမ်းမိုးထားရန်ဖြစ်ပြီး နိုင်ငံတော်အုပ်ချုပ်ရေး ယန္တရားတွင် အခြေခံအကျဆုံးဖြစ်သော ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးများ ပျက်ပြား စေရန်အတွက် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများကို လုပ်ကြံသတ်ဖြတ်ခြင်း၊ အပြစ်မဲ့ပြည်သူများ၊ ရဟန်းသံဃာများကို ဒလန်ဟုစွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ နိုင်ငံ့ ဝန်ထမ်းများကို လုပ်ကြံသတ်ဖြတ်ခြင်းတို့ကို ရက်ရက် စက်စက် ပြုလုပ်ခဲ့ကြသည်။

 

အကြမ်းဖက်အုပ်စုများနှင့် အကြမ်းဖက်အားပေး မီဒီယာများက ပြည်သူလူထုအတွင်း လုပ်ကြံ သတ်ဖြတ်မှုများ ပြုလုပ်ပြီးတိုင်း ဆင်ခြေများ ပေးလေ့ရှိသော်လည်း ၎င်းတို့သည် လက်နက်ကိုင်ဆောင်ထားခြင်းမရှိသော ပြည်သူများကို လွယ်ကူသည့် ပစ်မှတ်များအဖြစ် လုပ်ကြံသတ်ဖြတ်ခြင်းနှင့် ယင်းကို အကြောင်းပြုကာ အကြမ်းဖက်အားပေးသူများထံမှ ငွေကြေးအလှူခံခြင်းတို့မှာမူ ထင်ရှားစွာ ပေါ်လွင်လျက်ရှိသည်။ မိမိတို့နိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံး လျက်ရှိသည့် အားလျော်စွာ ပြည်သူလူထုအတွင်း နိုင်ငံရေး အမြင်၊ ခံယူချက်တို့ အမျိုးမျိုးရှိနေမည်ဖြစ်သော်လည်း အစွန်း ရောက် စိတ်ဓာတ်များနှင့် အကြမ်းဖက်မှု ပုံစံအမျိုးမျိုးတို့ကို လက်ခံအားပေးသူတို့မှာ လူနည်းစုမျှသာ ဖြစ်သည်ကို လေ့လာတွေ့ရှိနိုင်သည်။

 

ပြည်သူလူထုအတွင်း ရောနှောနေထိုင်ပြီး အကြမ်းဖက် အဖျက်လုပ်ငန်းများ၊ လုပ်ကြံသတ်ဖြတ်မှုများ ပြုလုပ်ခဲ့ကြသည့် အကြမ်းဖက်သမားများကို အုပ်စုလိုက် ဖော်ထုတ်ဖမ်းဆီး ရမိမှုများမှာ အကြမ်းဖက်မှုကို မလိုလားသော ပြည်သူတစ်ဦးချင်းက သော်လည်းကောင်း၊ ပြည်သူအများက သော်လည်းကောင်း သတင်းပေးမှုများကြောင့် ဖြစ်သည်ကို သတင်းများတွင် တွေ့ရှိနိုင်သည်။ နိုင်ငံရေးအစွန်းရောက် မသမာသူများ၊ ပြည်ပြေးများနှင့် အကြမ်းဖက်အဖျက်အုပ်စုများက မြန်မာ နိုင်ငံအတွင်း သေကျေပျက်စီး ငတ်မွတ်မှုများနှင့် အမင်္ဂလာ ပုံရိပ်များ၊ အနိဋ္ဌာရုံများ ဖြစ်ပေါ်နေသည်ကိုသာ မြင်တွေ့လိုကြခြင်းဖြစ်သည့်အလျောက် ပြည်သူလူထုအတွင်း ပျော်ပွဲရွှင်ပွဲ ကျင်းပခြင်း၊ ခရီးစဉ်ဒေသများသို့ သွားရောက်လည်ပတ် အပန်းဖြေခြင်း၊ ဘာသာရေးအရ အလှူအတန်းပြုလုပ်ခြင်း၊ ဘုရား ဖူးခြင်း စသည်တို့ကို မနာလိုမရှုဆိတ်စွာဖြင့် ပြစ်တင်ရှုတ်ချခြင်း၊ ခြိမ်းခြောက်ခြင်းမှသည် ဘုရားဖူးပြည်သူများကို ပစ်ခတ် သတ်ဖြတ်ခြင်းနှင့် ဘုံကထိန်ပွဲကဲ့သို့သော ဘာသာရေးအခမ်း အနားကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ ပြုလုပ်ခဲ့ကြသည်ကိုပင် တွေ့ခဲ့ကြရပြီ ဖြစ်သည်။

 

လူမှုကွန်ရက်မီဒီယာများတွင် အကောင့်အတုများဖြင့် အဖျက်အမှောင့်လုပ်နေသူ အချို့ကလွဲလျှင် မြန်မာတိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး တစ်ဝန်းလုံး တည်ငြိမ်အေးချမ်းလျက် သာယာဝပြောနေသည်ကိုသာ အလိုရှိကြသည်။ ကျက်သရေမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံ ၍ ကောင်းသောအတိတ်၊ ကောင်းသောနိမိတ်၊ ဣဋ္ဌာရုံတို့ကို သာ မြင်လို တွေ့လို ကြားလိုကြသည်။ ပြည်သူတို့၏ လိုအင် ဆန္ဒက အကြမ်းဖက်အဖျက်သမားတို့ ဖြစ်စေလိုသည်များနှင့် ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်နေရာ အကြမ်းဖက်အဖျက် လုပ်ရပ်တို့ကို ဆန့်ကျင်၍ အကြမ်းဖက်မှုတိုက်ဖျက်ရေးတွင် ပူးပေါင်းပါဝင်လာကြသည်မှာ အများပြည်သူတို့၏ ဆန္ဒနှင့် အညီပင်ဖြစ်သည်။ ပြည်သူလူထုတစ်ရပ်လုံး၏ စွမ်းပကားဖြင့် အကြမ်းဖက်အဖျက်သမားများ ကျဆုံးခြင်းနှင့်အတူ မြို့ရွာများ အမြန်ဆုံး အေးချမ်းသာယာမည် မုချဖြစ်ပါကြောင်း။

 

မြန်မာ့အလင်း