တနင်္သာရီ ၈ ဩဂုတ်
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်တွင် ဩဂုတ် ၇ ရက် မွန်းလွှဲပိုင်းမှစ၍ မိုးရွာသွန်းမှု လျော့နည်းလာခြင်းနှင့် မြို့နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်အရ ဩဂုတ် ၆ ရက်နေ့မှစ၍ ရေတံခါးအား ပိတ်ထားပြီး မြို့အတွင်းမှ မြစ်ရေများကို ရေစုပ်စက်ကြီးများဖြင့် အချိန်ပြည့် စုပ်ထုတ်ပေးနေခြင်းတို့ကြောင့် တနင်္သာရီမြို့ အတွင်းသို့ ဝင်ရောက်လျက်ရှိသော မြစ်ရေများသည် ဩဂုတ် ၈ ရက်နေ့ နံနက်ပိုင်းမှစ၍ ပြန်လည် လျော့ကျသွားပြီဖြစ်ကြောင်း သိရှိရသည်။

၂၀၂၀ ပြည့်နှစ်၊ ဩဂုတ် ၂ ရက်နေ့မှစ၍ ၄ ရက်နေ့ နံနက်ပိုင်းအထိ စင်လကု(Sinlaku) မုန်တိုင်းငယ် အရှိန်ကြောင့် တနင်္သာရီမြို့နယ်အတွင်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းခဲ့၍ ဩဂုတ် ၅ ရက်နေ့ နံနက် ၆ နာရီခန့်ကစပြီး မြစ်ရေများ မြို့အတွင်းရှိ တိုးချဲ့(၁)၊ (၂)၊ (၃)၊ (၅) လမ်းနှင့် ဘောလုံးကွင်းလမ်း၊ ချောင်းငယ်ရပ်ကွက် - သီတာလမ်းနှင့် ရိပ်သာလမ်းဆုံနေရာများတွင် အနက်တစ်ပေခန့်အထိ ရေကျော် ဝင်ခဲ့သော်လည်း ယခုအခါ မိုးရွာသွန်းမှု လျော့နည်းလာခြင်းနှင့် ရေစုပ်စက်ဖြင့် မြို့အတွင်းမှ ရေများကို စုပ်ထုတ်ပေးနေခြင်းတို့ကြောင့် ဩဂုတ် ၈ ရက် နံနက် ၆ နာရီအချိန်မှစ၍ မြို့အတွင်းရှိ မြစ်ရေများအားလုံး ပြန်လည်ကျဆင်းသွားပြီဖြစ်သည်။
ယခုနှစ် တနင်္သာရီမြစ်ရေကြီးမှုဖြစ်စဉ်အရ ဩဂုတ် ၆ ရက်နေ့ ညနေ ၆ နာရီ မြစ်ရေတိုင်းထွာချက်အရ တနင်္သာရီမြစ်ရေ၏ စိုးရိမ်ရေအမှတ် (၁၇) ပေသို့ ရောက်ရှိလာသဖြင့် အနိမ့်ပိုင်းရှိ နေရာများမှ အိမ်ထောင်စုအချို့သည် ချောင်းကြီးရပ်ကွက် ဘုန်းတော်ကြီးကျောင်း ယာယီရေဘေး ကယ်ဆယ်ရေးစခန်းသို့ အိမ်ထောင်စု (၄) စု၊ ချောင်းငယ်ရပ်ကွက် ရိပ်သာကျောင်း ယာယီကယ်ဆယ် ရေးစခန်းသို့ အိမ်ထောင်စု (၈) စု၊ စုစုပေါင်း အိမ်ထောင်စု (၁၂) စု ယာယီပြောင်းရွှေ့လာကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
သတင်း၊နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)
