မတ္တရာ နိုဝင်ဘာ ၃၀
ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခုနှစ် မိုးရာသီ စပါးသီးနှံ ကွင်းသရုပ်ပြပွဲနှင့် စပါးဖြုတ်ပိုးကာကွယ်နှိမ်နှင်းနည်းများ ကွင်းသရုပ်ပွဲ မတ္တရာမြို့နယ် ကျောက်တံတားသုတေသနခြံ၌ ယနေ့ နံနက် ၉နာရီ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်သိန်းညွန့်မှ အမှာစကားပြောကြားရာတွင် သီးနှံဖျက်ပိုးမွှားများ ကာကွယ်နှိမ်နှင်းနည်းများ၊ မှိုရောဂါ ကာကွယ်ဆေးများ အသုံးပြုနည်းများအကြောင်း၊ သဘာဝပိုးသတ်ဆေးများ ထုတ်လုပ်သုံးစွဲနည်းများစသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျောက်တံတားစိုက်ပျိုးရေးသုတေသန ခြံတာဝန်ခံ ဦးအောင်ထွန်းမြင့်မှ လက်ရှိတွင် သရက်၊ စပျစ်၊ ငှက်ပျော၊ စပါး မြေပဲနှင့် ပဲတီစိမ်းများကို သုတေသနပြုလုပ်နေကြောင်း၊ စပါးသုတေသနများမှ ဆည်ရေသောက်လယ်စပါးသုတေသန၊ အရည်အသွေးကောင်း စပါးသုတေသန၊ ဇင့်ဓါတ်ကြွယ်ဝသော စပါးမျိုးသုတေသန၊ သက်တမ်းတို၊ အထွက်ကောင်းသော ဆင်းသုခမျိုးလိုင်းစပါး သုတေသနများ ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ သုတေသန ဆောင်ရွက်ချက်မှ ရရှိလာသော ကောင်းကျိုး အရည်အချင်းများ၊ လာမည့်နှစ် နွေရာသီတွင် ဆင်းသုခမျိုးလိုင်းများနှင့် ပတ်သက်၍ တောင်သူကိုယ်တိုင် မျိုးရွေးချယ်ပွဲပြုလုပ်ပြီး ပြောင်းလဲလာသော ရာသီဉတုနှင့် အညီ ဒေသနှင့် လိုက်လျောညီထွေရှိသော ဆင်းသုခထက် အသက်လျင်သော သက်တမ်းတိုဆင်းသုခများလိုင်းများနှင့် ဆင်းသုခထက် သက်တမ်းတိုပြီး အထွက်ကောင်းသော မျိုးလိုင်းများကို သုတသနေပြု ဆက်လက်ရွေးချယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယနေ့ စပါးသီးနှံကွင်းသရုပ်ပွဲဆောင်ရွက်ရခြင်း ရည်ရွယ်ချက်မှာ တောင်သူများရင်ဆိုင်နေရသည့် အခက်အခဲများကိုဖြေရှင်းပေးနိုင်သည့် သုတေသနများထဲမှ စိုက်ပျိုးရေးသုတေသနရုံးချုပ်၊ အပင်ဇီဝနည်းပညာနှင့် ပူးပေါင်းဆောင်ရွက်သည့် ဆင်းသု စပါးမျိုးလိုင်းများ၏ သုတေသနထူးခြားချက်များကို ဖော်ထုတ်ပြသသည့် အစီအစဉ်ဖြစ်ပါကြောင်းဖြင့် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကွင်းတွင် စိုက်ပျိုးထားသော စမ်းသပ်ကွက်စပါးများကို တောင်သူဦးကြီးများအား တာဝန်ခံများမှ ရှင်းလင်းပြောကြားခဲ့ရာ တောင်သူဦးကြီးများမှ သိရှိလိုသည်များနှင့် မျိုးစပါးများ အချိန်မီလုံးလောက်စွာ ရရှိရေးတို့ကို မေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ ကွင်းသရုပ်ပြပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာများမှ တောင်သူဦးကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်ဆက်