ဆင်ဖြူကျွန်း ၁၅ ဇွန်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ မြို့မဘောလုံးကွင်းတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲကို ယနေ့နံနက် ၇ နာရီက ကျင်းပရာ မင်းဘူးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဦးသိန်းအောင်၊ ဆင်ဖြူကျွန်းမြို့အုပ်ချုပ်ရေးမှူး ဦးဝေဖြိုးထွန်းနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပညာရေး ဝန်ထမ်းများ နှင့် ကျောင်းသား၊ ကျောင်းသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဆင်ဖြူကျွန်းမြို့ လူငယ်ပရဟိတအဖွဲ့နှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ စလင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသီဟမှ မယ်ဇယ်အပင် ၁၁၀၊ ရေတမာပင် ၁၂၀၊ ယင်းမာပင် ၂၀၊ ကျွန်းပင် ၂၀၊ ဝါးပင် ၇၀၊ တမာပင် ၆၀၊ စုစုပေါင်းအရိပ်ရပျိုးပင် ၄၀ဝ နှင့် ဆင်ဖြူကျွန်းမြို့သူမြို့သားများမှ မြို့တွင်းသာယာလှပရေးအတွက် စိန်ပန်းလေး၊ ထိုင်ဝမ်ဗေဒါ၊ စက္ကူပန်း၊ စိန်ပန်းပြာ၊ ဂျပန်စွယ်တော်၊ ပိတောက်၊ ငုဝါ၊ ပျဉ်းမ၊ ပန်းအိ၊ ခရာဝါ စသည့်အလှပန်းပင် ၁၈၀ အား ပေးအပ်ရာ မင်းဘူးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ဆင်ဖြူကျွန်းမြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူ အသီးသီးတို့က လက်ခံရယူခဲ့သည်။

ထို့နောက် ဆင်ဖြူကျွန်းမြို့ ရှင်ပင်မုနိမဟာရံသီဘုရားမှစ၍ တံတားထိပ်အထိ လမ်းမတော်လမ်းအတိုင်း လမ်းဘေးဝဲ၊ ယာတစ်လျှောက်နှင့် စာသင်ကျောင်းများတွင် အရိပ်ရပင်များနှင့် အလှပန်းပင်များကို စုပေါင်း၍ ပျော်ရွှင်စွာ စိုက်ပျိုးခဲ့သည်။ ယနေ့ညပိုင်းတွင် ဆင်ဖြူကျွန်းမြို့ အ.ထ.ကကျောင်း၌ ဆရာအော်ပီကျယ် နှင့်ဆရာမောင်တင်သစ်တို့မှ သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းရေး စာပေဟောပြောပွဲ ကျင်းပမည် ဖြစ်ကြောင်းသိရသည်။
စိုးမိုးသူ (စလင်း)