ရေနံချောင်း   ၁၄   ဇွန်

 

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်တွင် ယခုနှစ်မိုးရာသီ၌ လျှော်ဖြူအပါအဝင် သစ်ပင်များအား စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ရေနံချောင်းမြို့နယ် သစ်တောဦးစီးဌာနမှ သိရသည်။

 

“ဌာနရှိပျိုးခြံမှာ လျှော်ဖြူ၊ တမာ၊ ပန်းချယ်ရီ၊ ကုက္ကို၊ ယူကလစ်ပျိုးပင် ၄၂၁၀ဝ ပျိုးထောင်ထားရှိပြီးဖြစ်ပါတယ်။ အဲဒီပျိုးပင်တွေကို ဌာနအတွက်အရိပ်ရစေဖို့နဲ့ အပူပိုင်းဒေသ စိမ်းလန်းစိုပြေစေဖို့ ၂၄၂၀ဝ စိုက်မှာဖြစ်ပါတယ်။ ကျန်တဲ့ပျိုးပင် ၁၇၉၀ဝ ကိုတော့ကျေးရွာများအတွက် ပြည်သူစိုက်ခင်း၊ ထင်းစိုက်ခင်းအဖြစ် စိုက်မှာပါ။ ထင်းစိုက်ခင်းက ထွက်တဲ့ထင်းကို ပြည်သူတွေကို ဖြန့်ဝေပေးမှာပါ” ဟု  ရေနံချောင်းမြို့နယ် သစ်တောဦးစီးဌာန တောအုပ်ဦးလှမြင့်က ပြောသည်။

 

“ကျွန်တော်တို့ ရွေးချယ်ထားတဲ့မြေနေရာမှာ စိုက်ပျိုးဖို့ မြေကျင်းတူးလုပ်ငန်းနဲ့ မြေဆွေးမြေသြဇာချတဲ့လုပ်ငန်းတွေ အားလုံးလုပ်နေပါတယ်။ အခုမိုးရာသီမှာ စိုက်ပျိုးသွားမှာပါ” ဟု ရေနံချောင်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောအုပ်ဦးလှမြင့်က ဆက်ပြောပြသည်။

 

ဆန်းညွန့်(ရေနံချောင်း)