မြင်းမူ ၂ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် ထီးဆောင်းကျေးရွာနှင့် ကန်တော်ကျေးရွာကြားရှိ မလဲပြွတ်ဘုရားဝင်း အတွင်း ဇွန် ၂ ရက်နံနက်ပိုင်းက မြို့နယ်သစ်တောဦးစီးဌာနက ဦးဆောင်လျက် ၂၀၂၁ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဌာနအနေဖြင့် နှစ်စဉ်ယခုလို မိုးကျရာသီဖြစ်သည့် ဇွန်လအတွင်း စုပေါင်းသစ်ပင စိုက်ပျိုးလျက်ရှိသည့်အပြင် ပျိုးဥယာဉ်အတွင်း ပျိုးထောင်ထားရှိသည့် အပင်အမြင့် ၂ ပေနှင့် အထက်ရှိ ပျိုးပင်များကိုလည်း စိုက်ပျိုးလိုသူပြည်သူများ၊ ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များသို့လည်း ဖြန့်ဝေပေးလျက် ရှိကြောင်း၊ ယခုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ဒေသရာသီဥတုနှင့် ကိုက်ညီသည့် ကျွန်းပင် (၁၉၀)၊ တမာပင် (၅၀)၊ ယင်းမာပင် (၅၀) နှင့် ဇီးဖြူပင် (၁၀) ပင်တို့ကို စိုက်ပျိုးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးမှုး ဦးရဲဝင့်နိုင်ထံမှ သိရှိရသည်။
ယခုစိုက်ပျိုးပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲကိုကို ဦးဆောင်လျက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့နယ်အမျိုးသမီးရေးအဖွဲ့ဝင်များ ပါဝင်စိုက်ပျိုးခဲ့ကြကြောင်းနှင့် မြို့နယ်သစ်တော်ဦးစီးဌာနရှိ ပျိုးဥယာဉ်အတွင်း စိုက်ပျိုးထားရှိသည့် ပျိုးပင်ပေါင်း (၃၃၁၀၀) ကိုလည်း ဖြန့်ဝေပေးလျက်ရှိကြောင်း သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)


