အိမ်မဲ စက်တင်ဘာ ၃၀

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန် ခန်းမတွင် မိုးရာသီကာ၌ သဘာဝဘေးအန္တရာယကြောင့် သီးနှံများ ပျက်စီးမှုအတွက် ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

 

အဆိုပါ အခမ်းအနားတွင် အိမ်မဲမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာပြည့်ဖြိုး နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးစိုးမြင့်အောင်တို့က သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံများပျက်စီးမှုအတွက် ထောက်ပံ့ငွေ ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကို အသီးသီးရှင်း လင်းပြောကြားခဲ့ကြသည်။

 

8

 

ဆက်လက်ပြီး သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံများ ပျက်စီးသွားသော ကျေးရွာများဖြစ်သော ရုံးတောကျေးရွာ၊ ညောင်ကုန်းချောင်းဖျားကျေးရွာ၊ သဖန်းပင်ဆိပ်ကျေးရွာ၊ ဇရပ်ကွင်းကျေးရွာ၊ သီးကွင်းကျေးရွာ၊ ကမန်းတံခွန်တိုင်ကျေးရွာများမှ ပျက်စီးဧက (၁၀၅၉၄) ဧကအပေါ် ပေးရန်ကျန်ရှိနေသော ၂၈၁ ဧက အတွက် တစ်ဧက ထောက်ပံ့ငွေ ၁၀ဝ၀ဝနှုန်းဖြင့် (၂၈၁၀ဝ၀ဝ)ကျပ်ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ထို့နောက် တောင်သူများကိုယ်စား ညောင်ကုန်းချောင်းဖျားကျေးရွာ အုပ်ချုပ်ရေးမှူး ကကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်းသိရသည်။

 

"နှစ်စဉ်အမြဲ ကြုံတွေ့နေရမဲ့ ရေကြီးနစ်မြုပ်မှုပြ ဿနာဖြစ်ပါတယ်။ စိုက်ပျိုးရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ ကိုယ်တိုင် အားထုတ်ကြိုးစားမှ ရပါမယ်။ ပုံစံတွေပြောင်းရပါမယ်။ သူများနိုင်ငံကို မှီအောင်လိုက်ချင်ရင် နည်းပညာဆန်းစစ်မှု သတင်းအချက်အလက်တွေကို သေသေချာချာ လေ့လာရပါမယ်လို့'' အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဒေါက်တာပြည့်ဖြိုးက ပြောသည်။

 

"ပေးအပ်လိုက်တဲ့ တစ်ဧကကို ၁၀ဝ၀ဝနှုန်း နိုင်ငံတော်ကထောက်ပံ့ပေးလိုက်တဲ့ငွေကို လယ်ယာ ကဏ္ဍမှာ အကျိုးရှိစွာအသုံးချဖို့လိုပါတယ်။ရာသီ ဥတုတွေကဖောက်ပြန်တာမဟုတ်ဘဲ ပြောင်းလဲနေတာဖြစ်တဲ့အတွက် ကျွန်တော်တို့ စိုက်ပျိုးရေးက အဓိက တာဝန်ကျပါတယ်။ရာသီဥတုပြောင်းလဲတဲ့အတွက် လက်ရှိ တကယ်တမ်း လယ်ယာ ကဏ္ဍကို အကောင်အထည်ဖော် ဆောင်ရွက်နေကြတဲ့ တောင်သူတွေအနေနဲ့ မိရိုးဖလာစိုက်ပျိုးနည်းများကို ရှေးရိုးစွဲအတိုင်းလက်ကိုင်မထားပဲ စိုက်ပျိုးရေး ဦးစီးဌာနနဲ့ ပူးပေါင်းဖို့ လိုပါတယ်လို့'' စိုက်ပျိုးရေးဦစီးမှူး ဦးစိုးမြင့်အောင်က ပြောသည်။

 

ချစ်သက်လယ်(အိမ်မဲ)