ရန်ကုန် ၂၉ စက်တင်ဘာ
ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် အများပြည်သူဆိုင်ရာ နေရာများအား ဖန်တီးဆောင်ရွက် ပေးလျက်ရှိသော ဒို့အိမ်လူမှုအကျိုးပြုအဖွဲ့အစည်းအနေဖြင့် ၄င်းတို့ပြုပြင်ထားသော ဗိုလ်တစ်ထောင်မြို့နယ် ဘိုကလေးဈေးအနီးရှိ ၄၁ လမ်းနှင့် ၄၂ လမ်းကြား နောက်ဖေးလမ်းကြားဥယျာဉ်အား မိုးရာသီကုန်ဆုံးပြီဖြစ်၍ ဂျီးချွတ်အစီအစဉ်အား ယနေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
နောက်ဖေးလမ်းကြားဥယျာဉ်များကို ရေရှည်ထိန်းသိမ်းသည့်အနေဖြင့် ဂျီးချွတ်ခြင်းလုပ်ငန်းကို ဆောင်ရွက် ခြင်းဖြစ်ပြီး အဆိုပါလှုပ်ရှားမှုကို နောက်ဖေးလမ်းကြား အနီးနေထိုင်သူများ၊ ပြည်ပမှစေတနာဝန်ထမ်းများနှင့် ဒို့အိမ်အဖွဲ့သားများက ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ မိုးတွင်းကာလမှာ ဖုန်မှုန့်တွေ၊ သဲမှုန့်တွေ အဓိက ရေညှိတွေပေါ့နော်၊အဲဒီကနေ နည်းနည်းညစ်ပတ်လာတဲ့ ပတ်ဝန်းကျင်ကို ပြန်လည်ထိန်းသိမ်းချင်တဲ့ ရည်ရွယ်ချက်ရယ်၊ နောက် ဒီနောက်ဖေးလမ်းကြားဥယျာဉ် က ၂၀၁၈ ခုနှစ် ဇူလိုင်လကတည်းက စတင်အကောင်အထည် ဖော်ခဲ့တာဆိုတော့ တစ်နှစ်ကျော်ကာလအတွင်းမှာ သန့်ရှင်းရေးနဲ့ပတ်သက်ပြီးပြန်လည် လုပ်ဆောင်ရမယ့် အပိုင်းလေးတွေရှိတာနဲ့ ဒို့အိမ်အနေနဲ့ကော်မတီနဲ့ ပူးပေါင်းတိုင်ပင်ပြီး နောက်ဖေး လမ်းကြားဥယျာဉ်အနီးမှာ နေထိုင်တဲ့ရပ်မိရပ်ဖတွေကပဲ ဦးဆောင်ပြီး အခုလိုသန့်ရှင်းရေး အစီအစဉ်ကို ဆောင်ရွက်တာဖြစ်ပါတယ်” ဟု ဒို့အိမ်လူမှုအကျိုးပြုအဖွဲ့အစည်းမှ လူမှုဆက်ဆံရေးအရာရှိ ဒေါ်အေးမြတ်သူက ပြောကြားသည်။
ဒို့အိမ်လူမှုအကျိုးပြု အဖွဲ့အစည်းနှင့်အတူ လူထုဦးဆောင်သော နောက်ဖေးလမ်းကြားဂျီးချွတ် ရေရှည်ထိန်း သိမ်းရေးအစီအစဉ်ကို ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့ လမ်း ၃၀ ၊ ၃၁ လမ်း နောက်ဖေးလမ်းကြားဥယျာဉ်နှင့် ၃၁ လမ်း၊ ဗိုလ်ဆွန်ပက်လမ်းကြား နောက်ဖေးလမ်းကြား ဥယျာဉ်တို့တွင် ဇွန်လအတွင်း စတင်လုပ်ဆောင်ခဲ့ပြီး ယခု လှုပ်ရှားမှုသည် ဒုတိယအကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့လယ်တွင် နောက်ဖေးလမ်းကြား ၈ ခုကို ဥယျာဉ်အဖြစ်ပြောင်းလဲဖန်တီးခဲ့ပြီးနောက် လတ်တလောတွင် နောက်ဖေးလမ်းကြားဥယျာဉ် ၃ ခုကို ပြုပြင်မွမ်းမံ အကောင်အထည်ဖော်လျက်ရှိရာ ယခုနှစ်ကုန် ပိုင်းတွင်ပန်းဘဲတန်းမြို့နယ်၊ ကျောက်တံတားမြို့နယ်နှင့် မင်္ဂလာတောင်ညွှန့်မြို့နယ်များတွင် ထပ်မံဖွင့်လှစ် သွားရန်စီစဉ်လျက် ရှိကြောင်း သိရသည်။
ရန်ကုန်မြို့လယ် နေရာအနှံအပြားတွင် နောက်ဖေးလမ်းကြားဥယျာဉ်များ ပေါ်ပေါက်လာခြင်းဖြင့် လုံခြုံစိတ်ချ ရပြီးပျော်ရွှင်ဖွယ်ကောင်းသော နေရာတစ်ခုဖြစ်လာစေကာ မြို့တွင်နေထိုင်သူများ၏ လူနေမှုဘဝအဆင့် အတန်းမြင့်မားလာစေမည်ဖြစ်သည်။ ထို့ပြင်ရန်ကုန်မြို့၏ ပုံရိပ်ကို မြှင့်တင်ပေးရန် ရည်ရွယ်၍ ယခုကဲ့သို့ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ- ထိန်လင်း


