နေပြည်တော် ၂၃ ဇွန်
ကူးစက်တတ်သော ရောဂါအမျိုးမျိုးရှိသည့်အနက် မိုးရာသီတွင်ဖြစ်ပွားတတ်သော ကူးစက်ရောဂါ တို့ကို အထူးသတိပြုရမည်ဖြစ်သည်။ မကြာသေးမီရက်ပိုင်းက ဖြစ်ပွားခဲ့သော ရာသီတုပ်ကွေးရောဂါ တစ်မျိုးဖြစ်သည့် Inf luenza A (H1N1)pdm 09 ရောဂါပိုးဖြင့် ရန်ကုန်တိုင်းဒေသကြီးမှ လူနာငါးဦးနှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ လူနာတစ်ဦး စုစုပေါင်း လူနာ ခြောက်ဦး သေဆုံးခဲ့ပါသည်။
မိုးရာသီကာလတွင် ဖြစ်လေ့ဖြစ်ထရှိသော ကူးစက်ရောဂါအမျိုးမျိုး တို့တွင် အဆိုပါရောဂါအပါအဝင် ဝမ်းပျက် ဝမ်းလျှောရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ ကူးစက်မြန်ပြင်းထန် ဦးနှောက်အမြှေးရောင် ရောဂါနှင့်ရာ သီတုပ်ကွေးရောဂါအမျိုးမျိုးတို့ကို အထူးသတိပြုရမည်ဖြစ်သည်။ ရာသီတုပ်ကွေး ရောဂါဖြစ်သည့် Inf luenza A (H1N1)pdm 09 ရောဂါပိုးသည် ဖြစ်ပွားနှုန်းမြင့်တက်လေ့ရှိသော မိုးဦးကျကာလ ဇွန်လ အစောပိုင်းမှစတင်၍ ဖြစ်ပွားလေ့ရှိရာ ယခုနှစ်တွင် လူနာ ၁၆ ဦး၌ ရောဂါပိုးတွေ့ရှိခဲ့ပြီး ခြောက်ဦး သေဆုံးခဲ့သည်။
အဆိုပါ ရာသီတုပ်ကွေးရောဂါ Inf luenza A (H1N1)pdm 09 မှာ နှစ်စဉ်ဖြစ်ပွားလေ့ရှိပြီး ယခုရာ သီ၌ အိမ်နီးချင်းနိုင်ငံများတွင်လည်း ဖြစ်ပွားနေပါသည်။ အိမ်နီးချင်း အိန္ဒိယနိုင်ငံတွင် ဦးနှောက် အမြှေးရောင်ရောဂါ ဖြစ်ပွားနေပြီး လက်ရှိတွင် ကလေး ၁၆၁ ဦးသေဆုံးခဲ့သည်။ မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်က တုပ်ကွေးရောဂါပိုး စစ်ဆေးသူ ၁၁၆၅ ဦးတွင် ၄၅၈ ဦး၌ ရောဂါပိုးတွေ့ရှိခဲ့သည့်အနက် Inf luenza A (H1N1)pdm 09 ရောဂါပိုးတွေ့သူ ၄၀၆ ဦးရှိပြီး ၃၈ ဦး သေဆုံးခဲ့ပါသည်။ ၂၀၁၈ ခုနှစ်တွင် အဆိုပါရောဂါပိုးတွေ့သူ ၁၃ ဦးရှိပြီး သေဆုံးသူမရှိခဲ့ပါ။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကူးစက်ရောဂါများ၊ ကူးစက်မြန်ရောဂါများကို စောင့်ကြပ် ကြည့်ရှုခြင်း၊ ကြိုတင်ကာကွယ်ခြင်းနှင့် ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်ခြင်း လုပ်ငန်းများကို ဦးစားပေး လုပ်ငန်းများအဖြစ် ၂၀၁၇ ခုနှစ်မှစတင်၍ အလေးထားဆောင်ရွက်ခဲ့သဖြင့်အဆိုပါရောဂါကို ထိန်းချုပ်နိုင်ခဲ့သော်လည်း ယခုအခါ ပြန်လည်ဖြစ်ပွားလာသဖြင့် စောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင် ကာကွယ်ခြင်းနှင့် ထိရောက်စွာ တုံ့ပြန်ခြင်းတို့ကို ပိုမိုအားဖြည့်ဆောင်ရွက်နေသည်။
တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ဆေးရုံကြီးများ၊ ကျန်းမာရေးဆေးပေးခန်းများ၊ နယ်စပ်ဝင်ထွက်ဂိတ်များနှင့် ပြည်သူလူထုအတွင်း တုပ်ကွေးဆန်သော ရောဂါဖြစ်ပွားမှုနှင့် ပြင်းထန်အဆုတ်ရောင်ရောဂါဖြစ်ပွားမှု စသည့်ရောဂါတို့ကို စောင့်ကြပ်ကြည့်ရှုပေးနေသည်။ ရောဂါဖြစ်ပွားသူလူနာများနှင့် အနီးကပ်ထိတွေ့သူများအား ရောဂါ ထပ်မံဖြစ်ပွားကူးစက်ခံရမှုမရှိစေရေးအတွက် ကျန်းမာရေးအသိပညာပေးခြင်း၊ ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းနှင့် ဆေးကုသပေးခြင်း၊ ဆေးရုံများတွင် သီးခြားထားရှိလူနာခန်းများ ပြင်ဆင်ထားခြင်းနှင့် အသက်ရှူစက်များပါ ပြင်ဆင်ထားရှိပေးထားပါသည်။
မိဘပြည်သူလူထုအနေဖြင့် မိုးရာသီတွင်ဖြစ်ပွားတတ်သော ရောဂါများဖြစ်သည့် အဆိုပါရောဂါအပြင် ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်စေရေးအတွက် သန့်ရှင်းစွာနေထိုင်စားသောက်ရမည်ဖြစ်ပြီး သွေးလွန် တုပ်ကွေးရောဂါမဖြစ်စေရေးအတွက် ခြင်ကိုက်မခံရအောင် သတိပြုပြင်ဆင်၍ မိမိတို့၏ ပတ်ဝန်းကျင် ကို သန့်ရှင်းအောင် ဆောင်ရွက်ထားရမည်ဖြစ်သည်။ ယခုလောလောဆယ်တွင် ရာသီတုပ်ကွေးရောဂါ အဖြစ်များပြီး ထိုရောဂါသည် မိုးတွင်းနှင့်ဆောင်းကာလများတွင် လူတိုင်းလူတိုင်းသို့ လျင်မြန်စွာ ကူးစက်နိုင်သော ကပ်ရောဂါအသွင်ဖြစ်သောကြောင့် လူတိုင်းလူတိုင်း သတိပြုရမည်ဖြစ်သည်။
သို့ဖြစ်ရာ ယခုမိုးရာသီကာလတွင် လူတို့တွင်ဖြစ်ပွားတတ်သော ကူးစက်ရောဂါများ မကျရောက်နိုင် စေရေးအတွက် တစ်ကိုယ်ရေသန့်ရှင်းရေး၊ ကျန်းမာရေးအတွက် ပတ်ဝန်းကျင်သန့်ရှင်းရေး၊ နေထိုင် သွားလာ စားသောက်မှုဆင်ခြင်ရေးတို့ကို အထူးသတိပြုလုပ်ကိုင်ကြရမည်ဖြစ်ပါကြောင်း။
ကြေးမုံ