နေပြည်တော် ၁၃ ဇွန် 

 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပူတာအို)တွင် မိုးရာသီသွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါလုပ်ငန်းတွင် ဦးဆောင်ပြုလုပ်သူ ဦးလဆိုင်းက “မိုးရာသီရောက်လာပြီ ဖြစ်တဲ့အတွက် သွေးလွန်တုပ်ကွေးရောဂါတွေ ဖြစ်ပွားလေ့ရှိပါတယ်။ မိုးတွင်းကာလမှာ ခြင်ပေါက်ဖွားမှုနှုန်းက များပါတယ်။ အဲ့ဒါကြောင့် တစ်ပတ်တစ်ကြိမ် ဖုံး - သွန် - လဲ - စစ် ပုံမှန်ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ မိုးတွင်းကာလဖြစ်တဲ့အတွက် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်း လျော့ကျစေဖို့ ကျေးရွာရပ်ကွက်များတွင်လည်း တစ်ပတ်တစ်ကြိမ် ပုံမှန်ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်သွားဖို့ရှိပါတယ်” ဟု ပြောသည်။

 

မိုးရာသီသွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းကို ပူတာအိုခရိုင် ငှက်ဖျားတိုက်ဖျက်ရေးဌာန၊ ကြက်ခြေနီနှင့် မီးသတ်တပ်ဖွဲ့ဝင်တို့ပူးပေါင်းပြီး Quarantine Center ထားရှိသောနေရာများ၊ အိမ်းတွင်းမှုကျောင်း၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့် လေယာဉ်ကွင်း စသည့်နေရာများတွင် အဘိတ်ဆေးခတ်ခြင်း၊ ပိုးလောက်လန်းနှိမ်နင်းခြင်းနှင့် ဖုံး - သွန် - လဲ - စစ် ပညာပေးလုပ်ငန်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

 

ဇော်ရှိန်း (ဓာတု)