ပေါက်ပေါက်

ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် ရာသီမရွေး ဖြစ်ပွားလေ့ရှိပြီး အထူးသဖြင့် မိုးဦးကျကာလနှင့် မိုးအကုန် ဆောင်းအကူးတွင် အဖြစ်များသည်။ ထို့ကြောင့် မိုးရာသီ၌ ဖြစ်ပွားမှုအများဆုံးရောဂါဟု ဆိုနိုင်ပါသည်။ အဆိုပါရောဂါသည် အသက်အရွယ်မရွေး အန္တရာယ်ရှိနိုင်ပြီး ကလေးသူငယ်များအတွက် ဆိုးရွားစွာ အသက်အန္တရာယ်ရှိနိုင်ကာ မြန်မာပြည်တွင် ဒုတိယအဖြစ်အများဆုံး ကလေးရောဂါတစ်ခု ဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက် အရ ဝမ်းပျက်ဝမ်းလျှောရောဂါသည် တစ်နှစ်အောက် ကလေးများကို သေဆုံးစေသည့် တတိယ မြောက် ရောဂါဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝန်း နှစ်စဉ် ကလေး ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှု ၁ ဒသမ ၇ ဘီလီယံ နီးပါးရှိကြောင်း၊ ထိုရောဂါကြောင့် နှစ်စဉ် အသက်ငါးနှစ်အောက်ကလေး လေးသိန်းကျော်နှင့် အသက်ငါးနှစ်မှ ကိုးနှစ်အကြား ကလေးငယ် ငါးသောင်းကျော်ကို သေဆုံးစေလျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် မပေါ့ဆသင့်ပေ။

မှတ်တမ်းများအရ မြန်မာနိုင်ငံတွင် ၂၀၁၄ မှ ၂၀၁၈ ခုနှစ်အတွင်း တစ်နှစ်လျှင် အသက် ငါးနှစ်အောက်ကလေး ၁၀၀ တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူ ခြောက်ဦးမှ ၁၂ ဦး အထိရှိခဲ့သည်။ နှစ်စဉ် နှစ်တိုင်းမှာလည်း မိုးရာသီရောက်လျှင် လူဦးရေ ထူထပ်သော ဒေသများ၌ ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားလေ့ရှိသည်။ ထို့ကြောင့် ကျန်းမာရေး ဝန်ကြီးဌာနက နှစ်စဉ် မိုးဦးစကာလရောက်တိုင်း ဝမ်းပျက်ဝမ်းလျှောရောဂါကို ကျန်းမာရေးအသိ၊ သတိဖြင့် ကြိုတင်ကာကွယ်ထားကြရန် အသိပေး နှိုးဆော်လျက်ရှိသည်။

ဝမ်းလျှောခြင်းနှစ်မျိုး

ဝမ်းလျှောခြင်းမှာ (က) ကာလတိုဝမ်းလျှောခြင်း နှင့် (ခ) ကာလရှည်ဝမ်းလျှောခြင်းဟူ၍ နှစ်မျိုး ရှိသည်။ ကာလတိုဝမ်းလျှောခြင်းက နှစ်ရက်ခန့်အကြာတွင် ရပ်တန့်သွား၍ စိုးရိမ်ဖွယ်မရှိပေ။ ကာလရှည်ဝမ်းသွားခြင်းတွင် ဝမ်းလျှောသည့် အကြိမ်ရေများပြားသည်နှင့်အမျှ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ဆုံးရှုံးသွားသဖြင့် အချိန်မီကုသမှု ခံယူသင့်ပါသည်။ နောက်ဆက်တွဲပြဿနာများအဖြစ် အစာ အိမ်နာခြင်း၊ အစာအဆိပ်သင့်ခြင်းအပြင် သွေးပေါင်ထိုးကျသွားပြီး သတိလစ်ခြင်းအတွက်ပါ စိုးရိမ်ရသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရပ်ကွက်နှင့် လမ်းများပေါ်ရှိ ရေဆိုးရေညစ်များနှင့်အတူ မိုးရေလျှံတက်လာသည်။ များမကြာမီ ရေပြန်ကျသွားသောအခါ အညစ်အကြေး အနည်အနှစ်များ တင်ကျန်ရစ်ခဲ့ပြီး Vibiro Cholerae (ခေါ်) ကာလ ဝမ်းရောဂါကို ဖြစ်စေတတ်သော ကူးစက်ရောဂါ ပိုးမွှားပေါက်ပွားမှု များပြားလာသည့်အတွက် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်လာရသည်။ ထိုရောဂါ ပိုးသည် ကူးစက်ခံရသူ၏ အူအတွင်းသို့ enterotoxin (ခေါ်) အဆိပ်ဓာတ်တစ်မျိုး ထုတ်လွှတ်ကာ ခန္ဓာကိုယ်အတွင်းရှိ အရည်ဓာတ်နှင့် ဆားဓာတ်များကို အချိန်တိုအတွင်း လျင်မြန်စွာ ဆုံးရှုံးစေသဖြင့် အသက်သေဆုံးသည်အထိ ပြင်းထန်စွာ ခံစားရနိုင်သည်။

ရောဂါပိုးပါဝင်သည့် ဝမ်းအညစ်အကြေးများတွင် ရှိနေသော ရောဂါပိုးများသည် ယင်ကောင်မှတစ်ဆင့် လည်းကောင်း၊ မသန့်ရှင်းသောလက် စသည်တို့မှတစ်ဆင့် လည်းကောင်း၊ အစားအစာ သောက်သုံးရေများအတွင်းသို့ ရောက်ရှိခြင်း သို့မဟုတ် တိုက်ရိုက်ဝင်ရောက်ခြင်း၊ (ဥပမာ-မိလ္လာ ပိုက်ပေါက်ခြင်း၊ အညစ်အကြေး မြေသြဇာအသုံးပြုခြင်း) စသည်တို့မှတစ်ဆင့် စားသောက်မိသူများအား အလွယ်တကူ ကူးစက်နိုင်ပြီး ထိုမှတစ်ဆင့် တစ်ဦးမှတစ်ဦးသို့ ရောဂါဆက်လက်ပျံ့နှံ့ကူးစက်စေပါသည်။ မိုးရွာ၍ ရေကြီးစဉ် ထိုညစ်ညမ်းသောရေထဲ ဖြတ်လျှောက်သွာပြီးနောက် တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းခြင်းကလည်း ရောဂါပိုးကူးစက်ခံရရန် သေချာသလောက် ရှိနေပါသည်။

ရောဂါလက္ခဏာများမှာ နာရီပိုင်းအတွင်း ငါးညှီ နံ့နံသော ဆန်ဆေးရေအရောင်ကဲ့သို့ ဖြူကျဲကျဲ ဝမ်းအရည်များ အဆက်မပြတ်သွားခြင်း သို့မဟုတ် တစ်နေ့တည်းမှာပင် သုံးကြိမ်နှင့်အထက် ဝမ်းအရည် များစွာသွားခြင်း၊ အော့အန်ခြင်း၊ နှလုံးခုန်မြန်ဆန် ခြင်း၊ ဝမ်းတွင်သွေးပါခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ မှိန်း၍ပျော့ခွေခြင်း၊ အရည်ကောင်းစွာ မသောက် နိုင်ခြင်း၊ ခံတွင်း၊ လျှာနှင့် နှုတ်ခမ်းများခြောက်၍ ရေအငမ်းမရ သောက်ပြီးနောက် ထိုရေအတိုင်း ဝမ်းသွားခြင်း သို့မဟုတ် ပြန်အန်ထွက်ခြင်း၊ အရေပြား၏ ကျုံ့နိုင်ဆန့်နိုင်အား လျော့နည်းလာခြင်း၊ မျက်တွင်းချိုင့်ဝင်ခြင်း၊ ကြွက်တက်ခြင်း၊ သတိ လစ်ခြင်း စသည့်ရောဂါလက္ခဏာများ ပြနေပါက ဓာတ်ဆားရည် များများသောက်ပြီး နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ အချိန်မဆိုင်းဘဲ သွားရောက်ပြသင့်သည်။

ကြိုတင်ကာကွယ်နိုင်သည့်ရောဂါ

ဝမ်းပျက်ဝမ်းလျှောရောဂါသည် ကြိုတင်ကာကွယ်နိုင်သော ရောဂါဖြစ်ပါသည်။ ရောဂါ ဖြစ်စေတတ်သော ပိုးမွှားများ၏ ၈၀ ရာခိုင်နှုန်းခန့်သည် မိမိတို့၏ လက်မှတစ်ဆင့် ကူးစက်ခြင်း ဖြစ်သည်။ စနစ်တကျလက်ဆေးခြင်းဖြင့် လူအချင်းချင်း ကူးစက်မှုများ၊ ဆေးရုံ၊ ဆေးခန်းများမှတစ်ဆင့် ကူးစက်တတ်သောရောဂါများကို သိသာစွာ လျှော့ချနိုင်ပါမည်။

လက်ကို သန့်ရှင်းစင်ကြယ်အောင် ဆေးကြောခြင်း (လက်သန့်ခြင်း) သည် ရောဂါအများအပြားကို ကာကွယ်နိုင်သည်။ အိမ်တွင် အစားအစာ ချက်ပြုတ် သူများနှင့် အစားအစာရောင်းချသူများ လက်မသန့်ရှင်းပါက မိသားစုတစ်စုမှသည် လူပေါင်းရာ နှင့်ချီ၍ ရောဂါရရှိနိုင်ပြီး ကပ်ရောဂါအသွင် ကူးစက် ကာ သေဆုံးနိုင်သည်အထိ အန္တရာယ်ရှိသည်။ လက်တွင်ကပ်ပါလာနိုင်သည့် မစင်အညစ်အကြေး အနည်းငယ် (တစ်ဂရမ်) တွင်ပင် လူကို ရောဂါဖြစ်၍ သေစေနိုင်သည့် ဗိုင်းရပ်စ် ၁၀ သန်းခန့်၊ ဗက်တီး ရီးယား တစ်သန်းခန့်၊ သန်ကောင်နှင့် ဝမ်းကိုက်ပိုးကဲ့သို့ ကပ်ပါးရောဂါပိုး ၁၀၀၀ ခန့်၊ သန်းဥကဲ့သို့ သော ကပ်ပါးရောဂါပိုးဥပေါင်း ၁၀၀ ခန့် ပါဝင်နေ သည်။ လက်တွင်ကပ်ပါလာနိုင်သည့် အညစ်အကြေးနှင့် ရောဂါပိုးများသည် လက်နှင့်ကိုင်တွယ် ထိတွေ့နိုင်သည့် အရာအားလုံးတို့တွင်လည်း ကပ်ငြိနေနိုင်သည့်အတွက် လက်ကိုစင်ကြယ်စွာ ဆေးကြောခြင်းက ရောဂါများစွာတို့ကို ကာကွယ်ပြီးသား ဖြစ်စေပါသည်။

နှစ်စဉ်သေဆုံးမှုများပြား

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ထုတ်ပြန်ချက်အရ ကမ္ဘာတစ်ဝန်းတွင် အန္တရာယ်ရှိသော ဗက်တီးရီးယား၊ ဗိုင်းရပ်စ်များ၊ ကပ်ပါးပိုးများ သို့မဟုတ် ဓာတုပစ္စည်းများပါရှိသော အစားအစာ များသည် ဝမ်းပျက်ခြင်းမှ ကင်ဆာအထိ အမျိုးမျိုး သောရောဂါပေါင်း ၂၀၀ ကျော်ကို ဖြစ်စေနိုင်ကြောင်း၊ အစားအသောက် မသန့်ရှင်းရာမှ ဖြစ်ပေါ်လာသော ရောဂါများကြောင့် နှစ်စဉ် အသက် ငါးနှစ်အောက် ကလေး သေဆုံးမှု ၁၂၅၀၀၀ ဝန်းကျင်ရှိကြောင်း နှင့် ခန့်မှန်းခြေအားဖြင့် လူဦးရေ သန်း ၆၀၀ ခန့် သို့မဟုတ် လူ ၁၀ ဦးလျှင် တစ်ဦးသည် မသန့်ရှင်းသော အစားအစာကို စားသုံးမိသဖြင့် နှစ်စဉ် လူပေါင်း ၄၂၀၀၀၀ သေဆုံးနေကြောင်း သိရသည်။

ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်သည့်အနေဖြင့် မသန့်ရှင်းသည့် အစားအစာများ၊ မသန့်ရှင်းသည့် သောက်ရေသုံးရေများ၊ အမှည့်လွန်သစ်သီးများ၊ ယင်နားစာများ၊ လက်လုပ်ချဉ်များ၊ သန့်ရှင်းမှုအားနည်းသည့် လမ်းဘေးအစားအစာများ စသည်တို့ကို အထူးသတိပြု ရှောင်ရှားရပါမည်။ သို့မဟုတ်ပါက နောက်ဆက်တွဲပြဿနာများအဖြစ် အစာအိမ်နာခြင်းနှင့် အစာအဆိပ်သင့်ခြင်းအတွက် ကိုပါ စိုးရိမ်ရသည်။ အထူးသဖြင့် ကိုယ်ခံအားနည်း သော ရင်ခွင်ပိုက်ကလေးငယ်များ၊ ကျောင်းနေအရွယ်ကလေးများနှင့် သက်ကြီးရွယ်အိုများအတွက် အသက်အန္တရာယ် စိုးရိမ်ရသည်။

ကာလတိုဝမ်းလျှောသည်ဖြစ်စေ၊ ကာလရှည် ဝမ်းလျှောသည်ဖြစ်စေ ဝမ်းရပ်တန့် သွားသော်လည်း နောက် ၁၀ ရက်ခန့်ကြာသည်အထိ နို့ထွက်ပစ္စည်းများဖြစ်ကြသော ချိစ်၊ ဒိန်ခဲ၊ မလိုင်၊ ပူတင်း၊ ကော်ဖီ တို့ကို မစားသောက်သင့်ပေ။ အမျှင်ဓာတ်များသော အစားအစာများက အစာအိမ်နှင့် အူကို အလုပ်ရှုပ် စေနိုင်၍ ဝမ်းလျှောပြီးနောက် သုံးရက် လေးရက်ခန့် ကြာသည်အထိ မစားသင့်ပေ။ ရေဓာတ်ဆုံးရှုံးမှုကို ပြန်လည်ဖြည့်တင်းပေးသည့်အနေဖြင့် ရေကျက်အေး၊ သန့်စင်သည့်ရေနှင့် ဖျော်စပ်ထားသည့် ဓာတ်ဆားရည် (ORS) ကို သောက်သုံးပါ သို့မဟုတ် သီးစုံဓာတ်ဆားရည် သောက်ပါ။ အုန်းစိမ်းရည် သောက်ပါ။ ဒိန်ချဉ်စားပါ။ ဒိန်ချဉ်ထဲမှာပါရှိသော လက်တစ်အက်စစ်က အစာအိမ်နှင့် အူလမ်းကြောင်းထဲရှိ ဝမ်းသွားစေသော ဗက်တီးရီးယားပိုးများကို သေစေနိုင်သည်။ (ဒိန်ချဉ်ထဲကို သကြား၊ ထန်းလျက်ရည်မရောဘဲ ဖြစ်နိုင်ပါက သူ့ချည်းစားပါ) အာဟာရအပြည့်မြန်ကာ မပျော့လွန်း မမာလွန်း ကစီဓာတ်ကြွယ်ဝသော အစားအစာများဖြစ်ကြသည့် ထမင်း၊ ဆန်ပြုတ်၊ စွပ်ပြုတ်၊ ခေါက်ဆွဲ၊ အာလူး၊ မုန်လာဥနီ၊ ကြက်သား၊ ငါး၊ ဘီစကွတ်မုန့် စားပေးနိုင်ပါသည်။

အချုပ်ဆိုသော် ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထားသည့်အတိုင်း “လက်သန့်၊ ရေသန့်၊ အစာသန့်၊ အိမ်သာသန့် ဟူသော “သန့်လေးသန့် ကို လိုက်နာခြင်းဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ကူးစက်ရောဂါများ ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်မည် ဖြစ်ပါသည်။ အထူးသဖြင့် သရက်သီးမှည့်များ၊ ဒူးရင်းသီး၊ ပိန္နဲသီး၊ ကြက်မောက်သီး၊ မင်းကွတ်သီး၊ နာနတ်သီးနှင့် အမှည့်လွန်သောသစ်သီးများ လှိုင်လှိုင်ပေါများလေ့ရှိရာ အဆိုပါသစ်သီးမှည့်များကြောင့် ယင်ကောင်များလည်း ပေါများပေါက်ပွားလာကြရာ၊ ယင်ကောင်ပေါက်ပွားမှု နည်းပါးစေရေးအတွက် စားကြွင်းစားကျန်များအပါအဝင် အမှိုက်များကို စနစ်တကျစွန့်ပစ်ရပါမည်။ ထိုယင်နားစာများ သို့မဟုတ် မှိုတက်နေသော အစားအစာများကို စားမိခြင်းက ဝမ်းရောဂါကို မလွဲမသွေဖြစ်စေပါကြောင်းနှင့် အခန့်မသင့်ပါက အစုလိုက်အပြုံလိုက် ကာလဝမ်းရောဂါ ဖြစ်လာနိုင်သည်ကို သတိရှိကြရန် လိုကြောင်းနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ လက္ခဏာခံစားရပါက နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် ပြည်သူ့ဆေးရုံများသို့ သွားရောက်၍ စောစီးစွာ ကုသမှုခံယူသင့်ပါကြောင်း ထပ်ဆင့်အကြံပြုလိုက်ရပါသည်။ ။