ငါ့သရောက် ၅ အောက်တိုဘာ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်မြို့နှင့် မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပခုက္ကူမြို့သို့ ဆက်သွယ်ဖောက်လုပ်ထားသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလမ်းသည် မိုးရွာသည့်အခါတိုင်း ငါ့သရောက်မြို့ ကုလားတဲကျေးရွာ တောင်ဘက် အခြေရိုးနှင့် ကုလားတဲရွာမြောက်ဘက်ရှိ ကုလားတဲချောင်းသည် ပျက်စီးနေရာ ကားအသွားအလာများသည့်အတွက် သက်ဆိုင်ရာဌာနမှ ရေကျော်ကွန်ကရစ် ပြုလုပ်ပေးစေလိုကြောင်း ကုလားတဲကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်က ပြောပြသည်။
အဆိုပါ ငါ့သရောက်-ပခုက္ကူ ကျေးလက်ဖွံ့ဖြိုးရေးလမ်းတွင် ချောင်းငါးချောင်းရှိပြီး ရေကျော်ကွန်ကရစ် ခင်းထားသည့်နေရာမရှိဘဲ ချောင်းလာသည့်အခါတိုင်း လမ်းများပျက်စီးနေကြောင်း၊ ငါ့သရောက်မြို့အနီး စွန်သိုက်ချောင်း၊ တမာခါးကျေးရွာနှင့် ကုလားတဲကျေးရွာကြား လေပွေချောင်း၊ ရိုးတရိုးနှင့် ကုလားတဲကျေးရွာနှင့် ကန်မောက်(ပေါက်) ကြီးတဲတိုက်ကြားတွင် ချောင်းနှစ်ချောင်းရှိကြောင်း သိရပြီး အဆိုပါ ချောင်းများသည် မိုးရွာသည့်အခါတိုင်း ကုလားတဲကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးဆောင်ကာ ရွာမှစေတနာရှင်ပြည်သူများ စုပေါင်းပြုပြင်ခဲ့ရာ စက်တင်ဘာလအတွင်း နှစ်ကြိမ် ကုလားတဲချောင်း ပျက်စီးသွားမှုအား စုပေါင်းပြုပြင်ခဲ့ရကြောင်း၊ အောက်တိုဘာ ၅ ရက် မွန်းလွဲပိုင်းက ရွာသွန်းသောမိုးကြောင့် ကုလားတဲကျေးရွာ တောင်ဘက်အခြေ ငါ့သရောက်-ပခုက္ကူလမ်း ထပ်မံပျက်စီးခဲ့ပြီး သက်ဆိုင်ရာဌာနများအနေဖြင့် လာရောက်ကြည့်ရှုကာ သင့်လျော်သလို ပြင်ပေးစေလိုကြောင်း ကုလားတဲကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်က ပြောသည်။
ပခုက္ကူ-ငါ့သရောက်လမ်းသည် ငါ့သရောက်ဒေသထွက် ကောက်ပဲသီးနှံများနှင့် ထန်းလျက်များ ပခုက္ကူပွဲရုံများသို့ သွားရောက်ရောင်းချနေသော ကျေးလက်ထုတ်ကုန်လမ်းဖြစ်ခြင်းနှင့် ကျောက်ပန်းတောင်း- ငါ့သရောက်- ပခုက္ကူတံတားသို့ တိုက်ရိုက်ပေါက်သော လမ်းဖြစ်ခြင်းကြောင့် အမြန်ပြုပြင်ပေးစေလိုကြောင်း၊ တစ်နေ့လျှင် ငါးအစီးရေ ငါးဆယ်ခန့် ဖြတ်သန်းသွားလာနေကြကာ အန္တရာယ်ရှိ ချောင်းကူး၊ ရိုးကူးနေရာများ ရေကျော်ကွန်ကရစ် ပြုလုပ်ပေးစေလိုကြောင်း ဆင်သားမွေးကျေးရွာမှ နေ့စဉ် ပခုက္ကူမြို့သို့ ရာသီထွက် သီးနှံထွက်ကုန်များ ပို့ဆောင်ပေးနေသည့် ကားပိုင်ရှင် ဦးမိုးက ပြောပြ၍ သိရသည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)


