ကျောင်းကုန်း ၂ ဩဂုတ်
ယခုအခါ မိုးလယ်ကာလ ရောက်ရှိနေပြီဖြစ်သော်လည်း မိုးရွာသွန်းမှုနည်းခြင်းကြောင့် လတ်တလောတွင် စပါးဂုတ်ကျိုးရောဂါလက္ခဏာများ တွေ့ရှိနေရကြောင်း စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။
လယ်ယာမြေများတွင် အပူဒဏ်ကြောင့် ရေလိုအပ်ချက်များ ဖြစ်ပေါ်နေပြီး ငွေကြေး အဆင်ပြေသူများသာ ရေသွင်းစိုက်ပျိုးနိုင်သည့်အတွက် အခက်ကြုံနေကြောင်း တောင်သူ ဦးဝင်းစိန်က ပြောသည်။
ရောဂါလက္ခဏာမှာ ပျိုးခင်းမှ အနှံထွက်ချိန် အရွက်၊ ပင်စည်အနှံများပေါ်တွင် နီညိုရောင်လွန်းပုံသဏ္ဍန် အကွက်များ ဖြစ်ပေါ်နေခြင်း၊ ရောဂါပြင်းထန်ပါက အကွက်တစ်ခုနှင့်တစ်ခု ဆက်သွားပြီး စပါးရွက်ခြောက်သွားခြင်း၊ အနှံအရင်းပိုင်း ဂုတ်နှင့်အရိုးတံပေါ်တွင် အနာကွက်များဖြစ်ပေါ်လာပြီး အနှံကျိုးကျသဖြင့် စပါးအထွက်နှုန်းကို သိသိသာသာ ကျဆင်းစေမည်ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် အလေးထား ဆောင်ရွက်ကြဖို့လိုကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးထင်ကျော်ဦးက ပြောသည်။
တောင်သူများအနေဖြင့် ရောဂါခံနိုင်ရည်ရှိသော မျိုးများကိုစိုက်ကြပါ၊ အပင်စိပ်စိပ် စိုက်ခြင်းကို ရှောင်ပါ၊ ရောဂါလက်ခံပင်ဖြစ်သော ရိုးပြတ်များနှင့် ပေါင်းများကို ရှင်းလင်းပါ၊ မျိုးစေ့လူးနယ်ဆေး တစ်မျိုးမျိုးနှင့် လူးနယ်စိုက်ပါ၊ ရောဂါရအခင်းတွင် ပုလဲမြေဩဇာကို လုံးဝမထည့်ဘဲ ပိုတက်ရှ်မြေဩဇာထည့်ပါ၊ လိုအပ်ပါက ပင်လုံးပြန့်အာနိသင်ရှိသော မှိုသတ်ဆေးများကို အသုံးပြုကြဖို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)
