မိုးညှင်း ၂  ဇွန်

 

ကချင်ပြည်နယ် မိုးညှင်းခရိုင် အင်းတော်ကြီးမြို့အတွင်း တည်ရှိပြီး မြန်မာနိုင်ငံ၏ အကြီးဆုံးရေချိုအိုင်ကြီးဖြစ်သည့် အင်းတော်ကြီးကန်ရေပြင်သည် ယခုနှစ်အတွင်း မိုးရွားသွန်းမှု နည်းပါးခြင်းကြောင့် ရွှေမဉ္ဇူစေတီတော်ကြီးနှင့် ဒေါ်ပုလဲဓမ္မာရုံအကြားတွင် သဲသောင်ထွန်းမှု (ဒေသအခေါ်)နတ်လမ်းဖြစ်ပေါ်ခဲ့သဖြင့် လူအများစိတ်ဝင်စားစွာ လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 

အဆိုပါ သောင်ထွန်းမှုနှင့်ပတ်သက်၍ အင်းတော်ကြီး ဘေးမဲ့တောလုံး တုံရှေ့တန်းရုံးတွင် တာဝန်ထမ်းဆောင်နေသည့် တောအုပ် ဦးစိုးမြင့်က “အဓိကတော့ မိုးမရွာလို့ဒီလိုဖြစ်တာ၊ လွန်ခဲ့တဲ့နှစ်တုန်းကလည်း မိုးရွာသွန်းရက်သိပ်မရှိဘူး၊ ဒီနှစ်လည်း မိုးသိပ်မရွာဘူး၊ အခုဆို ဇွန်လရောက်နေပြီ မုန်တိုင်းမိုး(၁)ကြိမ်လောက်ပဲရွာသေးတယ်”ဟု သဲသောင်ဖြစ်ထွန်းမှုနှင့် ပတ်သက်၍ ပြောကြားသည်။

 

 “နောက်ပြီး အင်းတော်ကြီးဘုရားကို ကမ်းကနေပြီးသွားတဲ့ လျှောက်လမ်းက ရေစီးဆင်းမှုကို တားဆီးသလိုဖြစ်နေတယ်၊ ဒီမမုန်ကိုင်ဘက်က တိုက်လိုက်တဲ့လှိုင်းက လျှောက်လမ်းကို ရိုက်တဲ့အခါ လှိုင်းနဲ့အတူပါလာတဲ့ အမှိုက်တွေ ဒိုက်တွေနဲ့အညစ်အကြေးတွေက အဲဒီမှာသွားစုပြီး ကြာလာတော့ သောင်ထွန်းလာတာပေါ့”ဟု ဦးစိုးမြင့်က ၎င်းအမြင် ကို ဆက်လက်ပြောကြားသည်။

 

မိုးရွားသွန်းမှုအခြေအနေမှာ ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ နှစ်စဉ်မိုးရွာသွန်းမှုရက်ပေါင်း ၁၀၀ ကျော်ရှိခဲ့ပြီး အနိမ့်ဆုံးမိုးရေချိန် ပျမ်းမျှ ၅၁ ဒသမ ၆ လက်မအထိ ရှိခဲ့ကာ ၂၀၁၉ ခုနှစ်တွင် မိုးရွာသွန်းရက် ၆၅ ရက်၊ ပျမ်းမျှမိုးရေချိန် ၄၈ ဒသမ ၈ လက်မနှင့် ၂၀၂၀ ခုနှစ်တွင် ဇန်နဝါရီလမှမေလအထိ မိုးရွာသွန်းရက် ၁၆ ရက် ပျမ်းမျှမိုးရေချိန် ၆ ဒသမ ၆ လက်မသာ ရွာသွန်းခဲ့ကြောင်း အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ စာရင်းဇယားများအရ သိရသည်။

 

“မနှစ်က မိုးသိပ်မရွာလို့ ဒီလိုဖြစ်တယ်လို့ထင်တယ်၊ အခါတိုင်း နှစ်တွေလည်း ဒီလိုမျိုးတွေဖြစ်တယ် ဒီနှစ်လောက်တော့မဖြစ်ဖူးဘူး၊ ဟိုးအရင်နှစ်ပေါင်း ၃၀ လောက်တုန်းကတစ်ခါ ဒီလိုမျိုးနတ်လမ်းတွေပေါ်ခဲ့ဘူးတယ်”ဟု သဲသောင်ဖြစ်ထွန်းမှု(ဒေသအခေါ်နတ်လမ်း) ဖြစ်ပေါ်လာမှုနှင့်ပတ်သက်ပြီး ဒေသခံအသက်(၇၀)အရွယ် လုံးစန့်ကျေးရွာသား ဦးလူဝင်းကပြောသည်။

 

အင်းတော်ကြီးကန်နှင့် ဆက်စပ်ဧရိယာသည် စတုရန်းမိုင်(၁၀၀)ခန့်ကျယ်ဝန်းပြီး နှစ်စဉ် ဆောင်းခိုရေပျော်ငှက်မျိုးပေါင်း ၁၀၀ ကျော် လာရောက်လေ့ရှိပြီး ယခုနှစ်ဇန်နဝါရီလတွင် ဆောင်းခိုရေပျော်ငှက်ကောင်ရေ ၂၉၃၈၁ အထိ လာရောက်ခဲ့ကြောင်း ဘေးမဲ့တောအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

 

အင်းတော်ကြီးကန်သည် မြန်မာနိုင်ငံ၏အကြီးဆုံး ရေချိုအိုင်ကြီးဖြစ်ပြီး ကန်နှင့်ပတ်ဝန်း ကျင်ရှိ ကြိုးဝိုင်း ၅ ခုကို အင်းတော်ကြီး တော်ရိုင်းတိရစ္ဆာန်ဘေးမဲ့တောအဖြစ် ၂၀၀၄ ခုနှစ်တွင်သတ် မှတ်ဖွဲ့စည်းခဲ့သည်။ နိုင်ငံတကာအသိအမှတ်ပြုအဖြစ် ၂၀၀၃ ခုနှစ်တွင် အာဆီယံအမွေအနှစ် ဥယျာဉ်အဖြစ်လည်းကောင်း ၂၀၁၆ ခုနှစ်တွင် ရမ်ဆာရေဝပ်ဒေသအဖြစ် လည်းကောင်း၊ ၂၀၁၇ခုနှစ်တွင် လူသားနှင့်ဇီဝအဝန်းနယ်မြေအဖြစ်  သတ်မှတ်ခံခဲ့ရကြောင်း သိရသည်။

           

ကျော်ကျော်ထွေး(ပြန်/ဆက်)