ဝေယံဦး
ရန်ကုန်မြို့ကို မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်အဖြစ် ပိုမိုထွန်းကားစေမယ့် နေရာကတော့ သီလဝါ အထူးစီးပွားရေးဇုန်ပဲ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ စက်မှုဇုန်ပေါင်း ၂၉ ခု တည်ရှိနေတဲ့အပြင် အထူးစီးပွားရေးဇုန်တစ်ခုကလည်း ပီပီပြင်ပြင် ထွက်ပေါ်လာနေတာမို့ ရန်ကုန်မြို့ဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဆိုတာ ပြည်တွင်းမှာရော ပြည်ပမှာပါ အသိအမှတ်ပြုရမှာဖြစ်သလို ရန်ကုန်မြို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်နဲ့ ဖြည့်ဆည်း ပေးတော့မှာ ဖြစ်ပါတယ်။
သီလဝါအထူးစီးပွားရေးဇုန်မှာ ၂၀၁၉ ဇန်နဝါရီလအထိ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုဟာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံခန့် ရှိနေပြီဖြစ်သလို နိုင်ငံပေါင်း ၁၈ နိုင်ငံက ကုမ္ပဏီ ပေါင်း ၁၀၃ ခုတို့က ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ကြီးမားကျယ်ပြန့်တဲ့ အထူးစီးပွားရေးဇုန်ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းတွေလည်း အများအပြားပေါ်ထွက်လာနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ နေရာအသီးသီးက လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိလုပ်ကိုင်နိုင်ဖို့ ရန်ကုန်မြို့ကို ရောက်လာတဲ့အခါ ရန်ကုန်မြို့မှာရှိတဲ့ စက်မှုဇုန်တွေ၊ စက်ရုံအလုပ်ရုံ တွေအပြင် တည်ဆောက်ရေးလုပ်ငန်းတွေမှာပါ အလုပ်အကိုင်တွေပေးနိုင်တဲ့ သီလဝါအထူးစီးပွား ရေးဇုန်ကလည်း အလုပ်အကိုင် အခွင့်အလမ်းအတွက် သိန်းနဲ့ချီပြီး ဖြည့်ဆည်းပေးနိုင်တဲ့ နေရာတစ်ခုအဖြစ် ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။
အလုပ်အကိုင် အခွင့်အလမ်းရရှိ
သီလဝါအထူးစီးပွားရေးဇုန်ကြောင့် ရန်ကုန်တောင်ပိုင်းဒေသတွေ ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်စေမှာ ဖြစ်ပါတယ်။ သီလဝါ အထူးစီးပွားရေးဇုန်နဲ့ ဆက်စပ်နေတဲ့ သန်လျင်၊ ကျောက်တန်းဒေသတွေဟာ ဖွံ့ဖြိုးမှု ကူးစက်စေမှာဖြစ်ပြီး ဒေသခံလူငယ် လူရွယ်တွေအတွက်တော့ အခုအချိန်ကတည်းက အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိနေကြပြီဖြစ်ပါတယ်။ ရန်ကုန်တောင်ပိုင်းဒေသက လူငယ်တွေဟာ သီလဝါ အထူးစီးပွားရေးဇုန်နဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ လုပ်သားအင်အား ၁၅၀ဝ၀ ကျော်ကို အလုပ်ပေးထားနိုင်ပြီဖြစ်ပါတယ်။
တကယ်တော့ သီလဝါအထူးစီးပွားရေးဇုန် ကို အပိုင်းနှစ်ပိုင်း ခွဲထားပါတယ်။ ဇုန်(A)နဲ့ ဇုန်(B)ဆိုပြီး အကောင်အထည်ဖော်တဲ့အခါ ပထမဆုံးအနေနဲ့ ဇုန် (A) ကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှာ စတင်ခဲ့တာဖြစ်ပါတယ်။ အခု ဆိုရင် ဇုန် (A)မှာ ဧရိယာ ၄၀၅ ဟက်တာပေါ်မှာ စီးပွားရေးလုပ်ငန်းတွေ၊ အခြေခံအဆောက်အအုံတွေ၊ စက်ရုံအလုပ်ရုံတွေ ဖော်ဆောင်နိုင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၃ ရက်ကတည်းက စီးပွားဖြစ် စတင်လည်ပတ်နိုင်ခဲ့ပါတယ်။
အခုဆိုရင် အဲဒီဇုန် (A)ရဲ့ ဧရိယာအတွင်းမှာ ၂၀၁၉ ခုနှစ် ဇန်နဝါရီအထိ ၉၈ ရာခိုင်နှုန်း ငှားရမ်း ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေ၊ စက်ရုံတွေလည်း လည်ပတ်နေကြပြီဖြစ်ပါတယ်။ အဲဒီဇုန် (A)ရဲ့ ဧရိယာအတွင်း မြေအကျယ် ၃၅ ဟက်တာမှာ Shop house တွေ၊ ဟိုတယ်နဲ့ ဘဏ်တွေ၊ ဆေးရုံနဲ့ စူပါမားကတ်တွေ၊ ရှော့ပင်းမောလ်တွေအပြင် အလုပ်သမားတွေအတွက် နေထိုင်စရာအကောင်းဆုံးတွေလည်း အကောင်အထည်ဖော် ဆောင်ရွက်နေပြီး ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါ ဂျပန်နိုင်ငံက ကုမ္ပဏီတွေ စီးပွားရေးလုပ်ငန်းတွေ အများအပြားပါဝင်တယ်လို့ ဆိုပါတယ်။
ကူးသန်းဆက်သွယ်မှုကောင်းမွန်
သီလဝါအထူးစီးပွားရေးဇုန်ဟာ ရန်ကုန်မြို့နဲ့ အနီးကပ်ဆုံး တည်ရှိနိုင်ပြီး နိုင်ငံတကာနဲ့လည်း ကူးသန်းဆက်သွယ်မှု ကောင်းမွန်တဲ့အပြင် ကုန်းလမ်းပိုင်းလည်း ကောင်းမွန်တာမို့ အချိန်တိုအတွင်းမှာ လျင်လျင်မြန်မြန် တိုးတက်ဖွံ့ဖြိုးလာတဲ့ အထူးစီးပွားရေးဇုန်လည်း ဖြစ်ပါတယ်။ အခုဆိုရင် လမ်းတွေ ကောင်းမွန်အောင် ဆောင်ရွက်နေဆဲ ဖြစ်တာမို့ စီးပွားရေးလုပ်ငန်းတွေ အချိန်နှင့်တစ်ပြေးညီ လည်ပတ်ကာ ကုန်စည်စီးဆင်းမှုတွေ ပြုလုပ်နိုင်နေတာ ဖြစ်ပါတယ်။
သီလဝါအထူးစီးပွားရေးဇုန်နဲ့ ဇုန်(B) မှာတော့ အပိုင်း(၁) နဲ့ အပိုင်း(၂) အပြင် အပိုင်း(၃) ဆိုပြီးခွဲကာ ဆောင်ရွက်နေပါတယ်။ အပိုင်း(၁) မှာ ဧရိယာ ဟက်တာ ၁၀ဝ ရှိပြီး အပိုင်း (၂) မှာတော့ မြေဧရိယာ ဟက်တာ ၇၇ ဟက်တာ ကို အကောင်အထည်ဖော် ဆောက်ရွက်နေသလို အပိုင်း(၃) ကိုတော့ ထပ်မတိုးဘဲ ဆောင်ရွက် နေပါတယ်။ ဇုန် (B) နဲ့ ဧရိယာ ၇၀ ရာခိုင်နှုန်း ကတော့ စီးပွားရေးလုပ်ငန်းတွေ ကုမ္ပဏီတွေကို ငှားရမ်းထားပြီး ဖြစ်ပါတယ်။
သီလဝါအထူးစီးပွားရေးဇုန်အတွက် ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စွမ်းအင်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကုမ္ပဏီတို့ကလည်း ဝိုင်းဝန်းပြီး ကဏ္ဍအလိုက် ဖြည့်ဆည်းဆောင်ရွက် ပေးနေတာမို့ သီလဝါအထူးစီးပွားရေးဇုန်ဟာအရှိန် အဟုန်ဖြင့် တိုးတက်ဖွံ့ ဖြိုးလာခြင်း ဖြစ်ပါတယ်။
ဒီလိုတိုးတက်ဖွံ့ ဖြိုးလာတာဟာ ရန်ကုန်မြို့ကို တိုက်ရိုက်အကျိုးသက်ရောက်စေသလို နိုင်ငံတော်အတွက်လည်း အခွန်တွေ၊ အလုပ်အကိုင်တွေ ရရှိစေနိုင်မှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ ခေတ်သစ်ပုံရိပ်ကို သီလဝါအထူး စီးပွားရေးဇုန်က ထပ်ဆင့်မြှင့်တင်ပေးမှာ ဖြစ်သလို ရန်ကုန်မြို့ရဲ့ ဖွံ့ဖြိုးမှုကို ပိုမိုကြီးထွားလာစေအောင် ထိထိ ရောက်ရောက် ပံ့ပိုးပေးနိုင်တာတော့ အမှန်ပါပဲ။
မြန်မာ့အလင်း