သထုံ ၂၆ မတ်
မွန်ပြည်နယ်၊ သထုံမြို့နယ် သာယာလှပရေးအတွက် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြသည့် မြို့နယ်စည်ပင်သာရေးအဖွဲ့မှ သန့်ရှင်းရေးလုပ်သားများ ကိုရိုနာဗိုင်းရပ်စ်ရောဂါ COVID-19 ကို သတိပြုကြိုတင်ကာကွယ်နိုင်ရေး ပညာပေးဆွေးနွေးခြင်းကို မတ် ၂၆ ရက် မွန်းလွဲပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် သထုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်က မြို့သာယာလှပရေးအတွက် နေရာစုံသွားလာဆောင်ရွက်နေကြသည့် သန့်ရှင်းရေးဝန်ထမ်းများ ဖြစ်သည့်အတွက် COVID-19 ကို အထူးဂရုစိုက်ဖို့ လိုအပ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာ၌ မိမိကိုယ်အန္တရာယ်ကင်းစေရေး နှာခေါင်းစည်း၊ လက်အိတ်၊ လည်ရှည်ဖိနပ်တို့ဖြင့် စနစ်တကျ ဆောင်ရွက်စေလိုပြီး လိုအပ်သည်တို့ကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ မိမိကိုယ်တိုင်အပြင် မိသားစုများ အန္တရာယ်ကင်းဝေးရေးအတွက် အစဉ်တစိုက် လက်ဆေးခြင်း၊ ကိုယ်ခံအားကောင်းအောင် နေထိုင်ခြင်းတို့ကို ဂရုစိုက်ကြစေလိုကြောင်း အမှာစကားပြောကြားသည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်လင်းထွဋ်က COVID-19 ရောဂါ ဖြစ်ပွားပုံ၊ ကူးစက်ပျံ့နှံ့မှုနှင့် ကြိုတင်ကာကွယ်နည်းများကို ရှင်းလင်းဆွေးနွေးပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးအရာရှိ ဒေါ်ခင်လေးနွယ်က COVID-19 ကပ်ရောဂါနှင့်ပတ်သတ်၍ သတင်းအတုများကို ရှောင်ရှားပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးနေသည်တို့ကို မပြတ်စောင့်ကြည့်ရေး၊ နေရပ်သို့ ပြန်လာသူများအနေဖြင့် လိုက်နာရမည့်အချက်များတို့ကို ပညာပေးဆွေးနွေးခဲ့ကြသည်။
ယင်းနောက် လွှတ်တော်ကိုယ်စားလှယ်များက COVID-19 နှင့် ပတ်သက်၍ သန့်ရှင်းရေးဝန်ထမ်းများ သိလိုသည်တို့ကို ဖြေကြားရှင်းလင်းပြီး အန္တရာယ်ကင်းစေရေးအတွက် လိုအပ်ချက်များကို မေးမြန်းကာ နှာခေါင်းစည်း၊ လက်အိတ်၊ ဖိနပ် စသည်တို့ကို ထောက်ပံ့ပေးရန် စီစဉ်ခဲ့ကြကြောင်း သိရသည်။
သက်ဦး(သထုံ)


