မိုးမောက်၊ ၁၁ ဇန်နဝါရီ
ကချင်ပြည်နယ်၊ မိုးမောက်မြို့၌ ဇန်နဝါရီ ၁၀ ရက် ည ၁၀ နာရီ မိနစ် ၄၀ ခန့်က ဗန်းမော်−မြစ်ကြီးနား သွားကားလမ်း မြို့သစ်ကျေးရွာ နမ့်မှော်ရေချောင်းအတွင်း ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ သတင်းအရ မြို့သစ်ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူး၊ ရဲတပ်ဖွဲ့ဝင်များက အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း၊ အခင်းဖြစ်နေရာတွင် မိုးမောက်ဘက်မှ မြစ်ကြီးနားဘက်သို့ ယာဉ်မောင်း အိုက်စိုး (ခ) ရှမ်းလေး မောင်းနှင်ပြီး ယာဉ်နောက်လိုက် ဟန်ဖြိုးပိုင် လိုက်ပါလာသည့် အိမ်ရိုက်သံများ တင်ဆောင်လာသော (၁၂)ဘီးယာဉ်သည် မိုင်တိုင်အမှတ် (619.5 KM) နှင့် (620 KM) ကြားရှိ ကုန်းဆင်းအကွေ့အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ နမ့်မှော်ချောင်းအတွင်း ထိုးကျခဲ့ကြောင်း၊ ယာဉ်ပေါ်လိုက်ပါလာသူ ယာဉ်မောင်း အိုက်စိုး (ခ) ရှမ်းလေးမှာ ရင်ဘတ်အောင့် နာကျင်ဒဏ်ရာ ရရှိခဲ့သဖြင့် မြို့သစ်တိုက်နယ် ဆေးရုံးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ဖြစဉ်နှင့်ပတ်သက်၍ ယာဉ်အား မဆင်မခြင်မောင်းနှင်သူ အိုက်စိုး (ခ) ရှမ်းလေး (၃၃)နှစ်၊ စက်မှုရပ်ကွက်၊ မြစ်ကြီးနားမြို့ နေသူအား မြို့သစ်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိသည်။
လွန်းနန်းထွေး (ပြန်/ဆက်)