မြို့သစ် ဒီဇင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ရှိ ဒေသခံတောင်သူများအနေဖြင့် ယခုနှစ်တွင် ဝါမျိုးစုံ ၂၃၇၅၇ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး လျာထားဧကထက် ၂၉၈ ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ယခုအချိန်တွင် ဝါများကောက်ယူရောင်းချလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုရေးဦးစီးဌာနမှ သိရသည်။
ဝါအမျိုးအစားများအနေဖြင့် ရွှေတောင်(၈)၊ ရွှေတောင်(၁၀)၊ ငွေခြည်(၉)၊ ငွေခြည်(၁၁)နှင့် ငွေခြည်(၆) မျိုးများကို စိုက်ပျိုးကြရာ အဓိကအားဖြင့် ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သည့် ရွှေတောင်(၈)မျိုးကို အများအပြား စိုက်ပျိုးကြကြောင်း၊ မိုးကောင်းသောက်ဝါ တစ်ဧကလျှင် ဝါပိဿာချိန် ၆၀၀ ခန့်နှင့် ဖြည့်စွက်ရေ ထပ်ပေးပြီး စိုက်ပျိုးနိုင်ပါက ဝါပိဿာချိန် ၈၀၀ ခန့် ထွက်ရှိနိုင်ကာ စက်တင်ဘာလမှစ၍ ဝါများ ကောက်ယူရောင်းချ လျက်ရှိကြောင်း သိရသည်။
ယခင်လများက ဝါကောက်ယူရောင်းချချိန်တွင် မိုးရာသီဖြစ်သည့်အတွက် အစိုဓာတ်ပါဝင်မှုများကာ ဝါအရည်အသွေး မပြည့်မီသည့်အတွက် ဝါ တစ်ပိဿာလျှင် ငွေကျပ် ၁၀၀၀ သာ ရောင်းချရသော်လည်း ယခု မိုးလွတ်ရာသီဖြစ်သည့်အတွက် ဝါတစ်ပိဿာလျှင် ငွေကျပ် ၁၅၀၀ မှ ၁၆၀၀ ထိ ဝယ်ယူလျက်ရှိပြီး ဝယ်ယူရရှိသည့်ဝါများကို မန္တလေးမြို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
သန်းဝင်းထွန်း(ပြန်/ဆက်)


