မြို့သစ် စက်တင်ဘာ ၂၇

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် မနော့ကုန်းကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်သည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရန် အဌမနှစ်စက်ဝန်း မြစိမ်းရောင်စီမံကိန်းချေးငွေများကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက စက်တင်ဘာ ၂၆ ရက်က ကွင်းဆင်းထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ချေးငွေထုတ်ချေးပေးရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်ကြည်ကြည်ခိုင်က စီမံကိန်းစည်းကမ်းချက်များနှင့် ချေးငွေများလေလွင့်ဆုံးရှုံးမှု မရှိအောင် အကျိုးရှိရှိ သုံးစွဲလုပ်ကိုင်ကြရန် ဆွေးနွေးပြီးနောက် မနော့ကုန်းကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ စီမံကိန်းအသင်းသား ၉၉ ဦးအတွက် ငွေကျပ် ၃၄၉ သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ စီမံကိန်း အသင်းသား ၇၀ ဦးအတွက် ၁၆၇ သိန်း စုစုပေါင်း အသင်းသား ၁၆၉ ဦးအတွက် စီမံကိန်းရန်ပုံငွေကျပ် ၅၁၆ သိန်းကို စနစ်တကျ ထုတ်ချေးပေးသည်။

မြို့သစ်မြို့နယ်တွင် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ရေး တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရေးအတွက် ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေးနှစ်မှစ၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ဆောင်ရွက်ကာ ကျေးရွာတစ်ရွာလျှင် အရင်းမပျောက် လည်ပတ်မတည်ရန်ပုံငွေကျပ် သိန်း ၃၀၀ စီထုတ်ချေးပေးခဲ့ရာ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အထိ မြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာ စီမံကိန်းဝင်ကျေးရွာပေါင်း ၃၆ ရွာအထိ တိုးချဲ့လုပ်ကိုင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်ဦး