မြို့သစ်  ၁  ဖေဖော်ဝါရီ

 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် မြင်းစုကျေးရွာ၌ နွေရာသီကာလသောက်သုံးရေ ဖူလုံစွာရရှိရေး ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့်  အဝီစိစက်ရေတွင်းတူးဖော်ခြင်း လုပ်ငန်းကို ဒီဇင်ဘာလ တတိယပတ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မြို့သစ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

မြင်းစုကျေးရွာသည် ယခင်က ကျေးရွာပိုင်စက်ရေတွင်း တစ်တွင်းရှိသော်လည်း နှစ်စဉ် နွေရာသီရောက်တိုင်း သောက်သုံးရေ လုံလောက်စွာမရရှိခဲ့ကြောင်း၊  ယခု ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြု ရန်ပုံငွေကျပ် ၂၃ ဒသမ ဝ၃ သန်းဖြင့် တွင်းအကျယ်လေးလက်မ အနက်ပေ ၆၀ဝ ခန့်ရှိ စက်ရေတွင်းတူးဖော်ခြင်း၊ ဂါလန် ၅၀ဝ၀ ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်းနှင့် အလျား ၁၀ ပေ အနံ ၈ ပေ အမြင့် ၈ ပေရှိ ရေစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ လက်ရှိမှာတော့ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းပြီးစီး၍ တစ်နာရီ ရေဂါလန် ၁၈၀ဝ ထွက်ရှိကြောင်း၊ ကျန်ရှိတဲ့ အုတ်ရေကန်တည်ဆောက်ခြင်းနှင့် ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း မြို့သစ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းဝင်းက ပြောပြသည်။

 

အဆိုပါ လုပ်ငန်းဆောင်ရွက်နေမှုများကို မကွေးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဇောဟိန်း၊ မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းဝင်းနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် မြင်းစုကျေးရွာ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးဆွေးနွေးမှာကြားပါသည်။

 

အဆိုပါ သောက်သုံးရေရရှိရေး စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ (၈၀)၊ လူဦးရေ (၄၅၀)ဦးနှင့် ကျွဲ၊ နွား တိရစ္ဆာန်များ၏ သောက်သုံးရေအခက်အခဲများ အဆင်ပြေသွားမည်ဖြစ်ကြောင်း မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းဝင်းထံမှ သိရသည်။

သန်းလွင်(မကွေး)