မြို့သစ် ၁၉ ဧပြီ
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေက ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်တွင် မကွေးတိုင်း ဒေသကြီး၊ မြို့သစ်အတွင်းရှိ ကျေးရွာ ၉ ရွာ၌ သောက်သုံးရေ ရရှိရေးလုပ်ငန်းများကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလပိုင်းက စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံး၏ ၉၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း မြို့သစ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။
“မြို့သစ်မြို့နယ်အတွင်းမှာ ကျေးရွာပေါင်း ၁၇၉ ရွာရှိပါတယ်။ ယခုဘဏ္ဍာရေးနှစ်မှာတော့ မြို့နယ်အတွင်းမှာတော့ နှစ်စဉ်လိုလို သောက်သုံးရေ ရှားပါးလို့ ရေပေးဝေခဲ့ရတာတွေနဲ့ ယခင်နှစ်က ရေပေးဝေခဲ့ရတဲ့ ကျေးရွာတွေနဲ့ အခြားရေရှားပါး ပြတ်လပ်နိုင်တဲ့ ကျေးရွာတွေဖြစ်တဲ့ အိုးကုန်း၊ မထွဲ၊ မြင်းစု၊ စပါးစဉ်၊ ကံကြီး(တောင်)၊ ငါးခူအိုင်(တဲတိုက်)၊ ဆူးတပ်ကြီး၊ သားမျှား(ချင်းမကွင်းရပ်ကွက်) ၊ မောင်ရင်ပေါ် (တဲတိုက်) စတဲ့ ကျေးရွာကိုးရွာကို ဦးစားပေးကာ တွင်းနက်စက်ရေတွင်းသစ် ရှစ်တွင်း တူးဖော်ခြင်းနှင့် အခြားရေရရှိရေး လုပ်ငန်းတစ်ခုကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၁၉၂ ဒသမ ၁၁ သန်း ဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှ စတင်ဆောင်ရွက်ခဲ့တာပါ။ လက်ရှိ အချိန်မှာတော့ ရေရရှိရေးလုပ်ငန်း အားလုံး၏ ၉၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်တယ်လို့” မြို့သစ်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းဝင်းက ပြောပြသည်။
“ကျွန်တော်တို့ မြို့နယ်တွင်းမှာရှိတဲ့ ကျေးလက်နေပြည်သူများ နွေရာသီကာလ သောက်သုံးရေ ဖူလုံစွာရရှိဖို့ သက်ဆိုင်ရာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ တွေနဲ့ ဦးစားပေးအလိုက်ရွေးချယ်ပြီး ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်တွင်း ပြည်ပ NGOs/ INGOs အဖွဲ့အစည်းတွေ၊ ပုဂ္ဂလိက အလှူရှင်တွေနဲ့လည်း ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ မိုးရာသီမတိုင်မီ ရေတွင်း ရေကန်တွေ ခမ်းခြောက်ပြီး သောက်သုံးရေရှားပါးမှုတွေ ကြုံတွေ့လာရင်လည်း အမြန်ဆုံး ဆောင်ရွက်ပေးသွားမှာပါ။ ကျေးရွာတွေ အနေနဲ့ ရေပြတ်လပ်မှုရှိပါက မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး ဖုန်းနံပါတ် ဝ၆၃-၅၃၁၉၅/၉၈ သို့လည်းကောင်း၊ အခြားဆက်သွယ်ရေး နည်းလမ်းမျိုးစုံဖြင့်လည်းကောင်း ဆက်သွယ် အကူအညီတောင်းခံနိုင်တယ်လို့” ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။
အဆိုပါ ရေပေးရေးလုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးစီးပါက ကျေးရွာကိုးရွာရှိ အိမ်ခြေ(၁၅၆၀)၊ လူဦးရေ (၇၈၂၄)ဦးနှင့် ကျွဲ၊ နွား တိရစ္ဆာန်များအတွက် သောက်သုံးရေများ ဖူလုံစွာရရှိတော့မှာ ဖြစ်ကြောင်း သိရသည်။
သန်းလွင်(မကွေး)