မြို့သစ်၊ ၆ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး မကွေးခရိုင် မြို့သစ်မြို့နယ်အတွင်းရှိ သောက်သုံးရေလိုအပ်ချက်ရှိသည့် ကျေးရွာ လေးရွာအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ်သန်း ၁၀၀ ကျော်ဖြင့် သောက်သုံးရေဖူလုံစွာရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့သစ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းဝင်းထံမှ သိရသည်။
အဆိုပါ ကျေးရွာလေးရွာ၌ စက်ရေတွင်းသစ်များတူးဖော်ခြင်း၊ အမြင့်တင်ရေစင်တည်ဆောက်ခြင်း၊ ပါဝါမီတာ တပ်ဆင်ခြင်းနှင့် ရေစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ပေးမည်ဖြစ်သည်။
“ရာသီဥတုပြောင်းလဲလာမှုနှင့်အမျှ မြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာအချို့မှာ သောက်သုံးရေလိုအပ်ချက်တွေ ရှိလာပါတယ်။ ယခု ဘဏ္ဍာနှစ်အတွင်းမှာတော့ သောက်သုံးရေလိုအပ်ချက်ရှိတဲ့ အခြားရေရှားပါးနိုင်တဲ့ ကျေးရွာ တွေကို ဦးစားပေးအလိုက် ရွေးချယ်ပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာ ရေးနှစ်မှာ မြို့နယ်အတွင်းရှိ ကျေးရွာလေးရွာကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေ ကျပ် ၁၀၃ ဒသမ ၉၅ သန်းနဲ့ သောက်သုံးရေရှိရေးဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်” ဟု မြို့သစ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းဝင်းက ပြောသည်။
ယခုဘဏ္ဍာရေးနှစ်အတွင်း ဖိုကြီး၊ မက်လုံစမ်း၊ ချောင်းရိုး(တောင်)၊ ပုလင်းပြားကြီး စသည့်ကျေးရွာလေးရွာ၌ သောက်သုံးရေဖူလုံစွာရရှိရေး စက်ရေတွင်းသစ်တူးဖော်ခြင်းလုပ်ငန်းလေးခု၊ ဂါလန် ၂၄၀၀ ဆံ့ အမြင့်တင်ရေစင် တည်ဆောက်ခြင်းလုပ်ငန်း လေးခု၊ အလျား ၁၀ ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေရှိ ရေစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်း လေးခုကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။
အဆိုပါ သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာလေးရွာရှိ အိမ်ခြေ ၁၁၆၈ အိမ်၊ လူဦးရေ ၅၃၄၃ ဦးနှင့် ကျွဲ၊ နွား တိရစ္ဆာန်တို့အတွက် သောက်သုံးရေများ ဖူလုံစွာရရှိစေမှာဖြစ်ကြောင်း မြို့သစ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
သန်းလွင်(မကွေး)


