မြို့သစ် ဇူလိုင် ၈
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၌ တောင်သူများ ဘေးကင်းသော စားသောက်ကုန်များ ထုတ်လုပ်နိုင်ရေး စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) စနစ်ဖြင့် ၂၀၂၁ ခုနှစ် မိုးရာသီအတွက် မိုးနှမ်းဧက ၄၀၀၀၊ မိုးမြေပဲဧက ၁၀၀ နှင့် မိုးပဲတီစိမ်းဧက ၅၀ စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
“ကျွန်တော်တို့ စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ ဒေသနဲ့သင့်တော်ပြီး အရည်အသွေးပြည့်ဝ ဘေးကင်းတဲ့ စိုက်ပျိုးစားသောက်ကုန်တွေ ထုတ်လုပ်နိုင်ဖို့အတွက် ကောင်းမွန်တဲ့စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းတွေကို စံချိန်စံညွှန်း သတ်မှတ်ချက်တွေနဲ့အညီ လေ့ကျင့်ဆောင်ရွက်ပေးနေပါတယ်။ စိုက်ပျိုးထုတ်လုပ်မှုအခန်းကဏ္ဍမှာ အဓိကပါဝင်နေတဲ့ စိုက်ပျိုးထုတ်လုပ်သူတွေကိုယ်တိုင် GAP ရဲ့ ထုတ်ကုန်အာမခံချက်အပေါ် သိရှိလိုက်နာကျင့်သုံးနိုင်စေဖို့ ပညာပေးစာအုပ်တွေ ဖြန့်ဝေတာ၊ စိုက်ကွင်းမြေတွေမှာ သတ္တုပါဝင်မှုရှိ/မရှိ မြေနမူနာစစ်ဆေးတာနဲ့ စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူတွေအတွက် စျေးကွက်ကောင်း ရရှိရေးအတွက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနနဲ့ ချိတ်ဆက်ပြီး ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်လင်းက ပြောသည်။
မြို့သစ်မြို့နယ်၌ ၂၀၂၁ ခုနှစ်အတွက် GAP စံချိန်စံညွှန်း သတ်မှတ်ချက်များနှင့်အညီ မိုးသီးနှံ ဧက ၄၀၀၀ ကျော်ကို ကျေးရွာအုပ်စု (၁၁)အုပ်စုရှိ တောင်သူ (၁၁၉၆)ဦးတို့မှ စိုက်ကွင်းအလိုက် တောင်သူအစုအဖွဲ့ (၆၁)ဖွဲ့ဖြင့် စိုက်ပျိုးလျက်ရှိပြီး ယခင်နှစ် GAP စနစ်ဖြင့် မိုးနှမ်း (၅၆၇၈)ဧက စိုက်ပျိုးရာတွင် (၂၆၈၄၆)တင်း၊ မြေပဲ (၁၀၆)ဧကတွင် (၄၄၅၂)တင်း၊ ပဲတီစိမ်း (၅၀)ဧက စိုက်ပျိုးရာတွင် (၂၂၁)တင်း ထွက်ရှိခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဝင်းအိဇွန်(ပြန်/ဆက်)


